Home
ဆောင်းပါး
ပါပိတ္ဆ-ပါမိတ္တ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆိုတဲ့ ဘုရင်ရူးနဲ့ မင်းဆရာရူးတွေကို ငရဲပြည် ပို့ဆောင်ပေးမည့် တရားများ
DVB
·
September 10, 2023

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက် (ဝါခေါင်လပြည့်ကျော် ၂ ရက်) နေ့က ခရီးထွက်ရာက ပြန်ရောက်ပြီးစ ညချမ်း ၇ နာရီမှာ ပါမောက္ခချုပ်ဆရာတော်ဟောကြားတဲ့ " ရှင်ဒေဝဒတ်ကို ငရဲသို့ပို့ဆောင်ပေးသည့် အကြောင်း ၃ မျိုး တရားတော် " အွန်လိုင်း အထူးတရားပွဲကို အကြောင်းအားလျှော်စွာ နာကြားခွင့်ရခဲ့ပါတယ်။

ရှင်ဒေဝဒတ်ဆိုတာကို ဗုဒ္ဓဘာသာဝင်တိုင်းက သိကြပါတယ်။ တခြားဘာသာဝင်တွေ အတွက်လည်း ဗဟုသုတအဖြစ် ကြားဖူးအောင် ဒေဝဒတ်အကြောင်း ဒီ‌ဆောင်းပါးမှာ အနည်းငယ်ရေးပြလိုပါတယ်။ ဂေါတမမြတ်စွာဘုရားရှင်ကို ဘဝပေါင်းများစွာ ရန်ငြိုးထား၊ လုပ်ကြံသတ်ဖြတ်၊ ဂုဏ်တုဂုဏ်ပြိုင်လုပ်ရင်း အမုန်းပွားခဲ့ရတာဟာ ဟိုးအရင် ကမ္ဘာတသိန်းလောက်က ရွှဲကုန်သည်ဘဝမှာ အစပျိုးခဲ့တာဖြစ်ပါတယ်။

ဝိသမလောဘသား ဒေဝဒတ်လောင်း ရွှဲကုန်သည်ဟာ သူဆင်းရဲမတဦးရဲ့ ရွှေခွက်ကို အချောင်လိုချင်လို့ ပဲဝက်တောင်မတန်ဘူးလို့ ပြောထားခဲ့ပြီး အပြန်မှ ဈေးနှိမ်ဝယ်မယ့်အကြံနဲ့ ထားရစ်ခဲ့တာကို ဘုရားလောင်းကုန်သည်က အမှန်အတိုင်းပြောပြီး ရှိသမျှရွှဲတွေ ပေးဝယ်သွားတာမို့ ဒေဝဒတ်လောင်းဟာ လောဘနဲ့ဒေါသ မီးတွေလောင်ကျွမ်းပြီး လှေဆိပ်မှာ ရင်ကွဲနာကျ သေခဲ့ရပါတယ်။

အဲ့ဒီဘဝကပျိုးခဲ့တဲ့ ဒေဝဒတ်လောင်းရဲ့အမုန်းတွေဟာ ဘဝတွေသာပြောင်းသွားပေမဲ့ ဘုရားလောင်းပေါ်မှာ အမြဲရှိနေခဲ့တာမို့ ဘဝအတော်များများမှာ ရန်ငြိုးထား အကောက်ကြံ အသက်ရန်ရှာခဲ့တာဟာ မျောက်မင်းဘဝ၊ ဆဒ္ဒါန်ဆင်မင်း၊ စူဠဓမ္မပါလ အထိဘဝအများကြီးပါပဲ။

မြေမျိုခံရပြီး ငရဲကျရောက်ခဲ့ရတဲ့ နောက်ဆုံးဘဝမှာတော့ ကောလိယတိုင်း၊ ဒေဝဒဟပြည်၊ သုဗ္ဗဗုဒ္ဓ မင်းကြီးရဲ့သားငယ်အဖြစ်မွေးဖွားလာခဲ့ပါတယ်။ မင်းသားနာမည်က ဒေဝဒတ္တ - နတ်ပေးသော မင်းသားလို့ အဓိပ္ပာယ်ရှိပါတယ်။ ဂေါတမမြတ်စွာဘုရားဖြစ်လာမယ့် ဘုရားလောင်း သိဒ္ဓတ္တမင်းသားရဲ့ ကြင်ယာတော် ယသော်ဓရာရဲ့မောင်ဖြစ်တာမို့ ဘုရားရှင်ရဲ့ နှစ်ဖက်တော် ညီအစ်ကိုတစ်ဝမ်းကွဲ သာကီဝင်မင်းသားတပါး ဖြစ်ပါတယ်။

ဒေဝဒတ္တဟာ တခြားသာကီဝင်မင်းသားတွေလို့ပဲ အသက် ၃၀ ‌အရွယ်‌လောက်မှာ ရဟန်းပြုပြီးတဲ့နောက် ပထမပိုင်းမှာ သမထထိုင် တရားကျင့်ပြီး ဣတ္တိဝိဓ အဘိဉာဉ်ထိရအောင် ကျင့်ပါသေးတယ်။ ပြီးမှ ရလာတဲ့ တန်ခိုးဣတ္တိပါဒ်တွေနဲ့ အခြံအရံများတာမှာ မွေ့လျှော်ပြီး ဝိပဿနာ အဆင့်မတက်၊ တရားဆက်မလုပ်တော့တာပါ။ ဒေဝဒတ်ဟာ မြတ်စွာဘုရားရှင်ကို ဂုဏ်တု ဂုဏ်ပြိုင်လုပ်၊ သံဃဘေဒကကံဆိုတဲ့ သံဃာဂိုဏ်းခွဲတဲ့အားထုတ်မှု၊ ဘုရားရှင်အသက်ကို လုပ်ကြံဖို့အားထုတ်မှုစတဲ့ မဟာအကုသိုလ်အပြစ်ကြီးတွေကို ကျုးလွန်ခဲ့ပါတယ်။

ဒီနေရာမှာပြန်ပြီး ပါမောက္ခချုပ်ဆရာတော်ဟောကြားတဲ့ " တရားတော် ကို ပြန်ကောက်ရရင် အထက်မှာဖေါ်ပြခဲ့တဲ့ ဘုရားရှင်အပေါ်မှာတောင် ပြစ်မှားရဲအောင်အပြစ်ကြီးမားလွန်းတဲ့ မဟာအကုသိုလ်ကြီးများစွာကို ကျုးလွန်ဖြစ်အောင်စေ့ဆော်ပေးတဲ့၊ ရှင်ဒေဝဒတ်ကို အဝီစိငရဲအထိ ရောက်စေတဲ့တရား အကြောင်း ၃ မျိုး (တနည်း) မသူတော်တရား ၃ ပါး ရှိပါသတဲ့။

အဲ့ဒါတွေကတော့

၁။ ပါပိတ္ဆ - ယုတ်ညံ့သောအလိုဆန္ဒရှိခြင်း

၂။ ပါမိတ္တ - ယုတ်ညံ့သော အဆွေခင်ပွန်းရှိခြင်း

၃။ အနည်းငယ်သော တရားထူးကို ရခြင်းဖြင့် အလယ်၌ ရပ်တန့်ပြီး ဆက်အားမထုတ်ခြင်း (ရဟန်းတရားမှ) ကင်းခြင်းတို့ဖြစ်ပါသတဲ့။

ပါပိတ္ဆ - ယုတ်ညံ့သောအလိုဆန္ဒရှိခြင်း

ရှင်ဒေဝဒတ်ကို အဝီစိငရဲအထိရောက်စေတဲ့ အသဓမ္မဆိုတဲ့ မသူတော်တရား ၃ ပါး အနက်မှာ အဓိကအကျဆုံး မသူတော်တရားကတော့ ဒေဝဒတ်ရဲ့အတွင်းစိတ်ထဲမှာ ယုတ်ညံ့တဲ့ လိုအင်ဆန္ဒရှိခြင်းဆိုတဲ့ ပါပိတ္ဆ ရှိနေခြင်းပါပဲ။

ပါပိတ္ဆဆိုတာ ဖြတ်လမ်းကျော်ကြားချင်စိတ်၊ ကိုယ့်မှာမရှိတဲ့ဂုဏ်နဲ့ လူအထင်ကြီးခံချင်စိတ်၊ ကိုယ့်အရည်အချင်း အစစ်မှန်ကိုမသိဘဲ၊ ကိုယ်နဲ့မထိုက်တန်ဘဲ ကြီးမားတဲ့ရာထူး အဆင့် အာဏာကို ရယူချင်တဲ့ ယုတ်မာတဲ့လိုအင် ဆန္ဒမျိုးဖြစ်ပါတယ်။ အလုပ်တခုကို ကိုယ်က မစွမ်းဆောင်နိုင်ဘဲ စွမ်းဆောင်နိုင်တဲ့လူကို ကျေးဇူးမတင်နိုင် မချီးမွှမ်းနိုင်တာ၊ ကိုယ့်ထက်သာတာကို အသိအမှတ်မပြုနိုင်တာကို မက္ခ ပလာသလို့ခေါ်ပါတယ်။

ရှင်ဒေဝဒတ်ဟာ ပါပိတ္ဆဆိုတဲ့ ယုတ်ညံ့တဲ့လိုအင်‌ဆန္ဒ‌ကြောင့် လေးအသင်္ချေနဲ့ကမ္ဘာတသိန်း ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ပါရမီ (၁၀) ပါးဖြည့်ကျင့်လို့ရလာတဲ့ ဘုရားအဖြစ်ကို မမြင်နိုင်တော့ဘဲ ဂေါတမလည်း သာကီဝင်ပဲ၊ ငါလည်းသာကီဝင်ပဲ၊ ဂေါတမလည်း သမဏပဲ၊ ငါလည်းသမဏပဲ၊ ဂေါတမလည်း တန်ခိုးဣတ္တိပါဒ်ရှိသလို ငါလည်း တန်ခိုးဣတ္တိပါဒ်ရှိတာပဲလို့ တွေးလာပြီး ဘုရားကို ဂုဏ်တုဂုဏ်ပြိုင် ပြုလာတာ၊ သံဃာတွေကိုအုပ်ချုပ်ခွင့်ကို တောင်းယူလာတဲ့အထိ ဘုရားနေရာရချင်တဲ့ မထိုက်တန်တဲ့ ယုတ်ညံ့သောလိုအင်ဆန္ဒ ပါပိတ္ဆကြောင့်မို့ အဝီစိငရဲပြည်ကို ရောက်စေမယ့် မဟာအကုသိုလ်ကြီးတွေ ကျုးလွန်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုအလိုမတူဘဲ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ၃ ရပ်ကို လက်နက်အားကိုးနဲ့ အကြမ်းဖက်ပြီး မိဘပြည်သူတွေကို ရက်စက်ရမ်းကားစွာ သတ်ဖြတ်ပြီး ကိုယ်နဲ့ မထိုက်တန်တဲ့အပြင်၊ အများပြည်သူက မတင်မြှောက်ချင်တာသိလျှက်နဲ့ နိုင်ငံတော်သမ္မတ ဖြစ်ချင်တဲ့ စစ်အာဏာရှင်လူမိုက်မင်းအောင်လှိုင်ဟာလည်း ကိုယ့်မှာ တိုင်းပြည်ကိုဦးဆောင်ဖို့ အရည်အချင်း မပြည်မှီတာ မသိနိုင်တဲ့အပြင် သူနဲ့မထိုက်တန်တဲ့ တိုင်းပြည်‌ခေါင်းဆောင်‌နေရာကို ဖြတ်လမ်းနည်းနဲ့ အကြမ်းဖက်ရယူလိုတဲ့ ယုတ်ညံ့သောလိုအင်ဆန္ဒဆိုတဲ့ ပါပိတ္ဆကြောင့် အများပြည်သူနှလုံးသားထဲက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်တုဂုဏ်ပြိုင်လုပ်၊ ပြည်တွင်းပြည်ပက အသိအမှတ်ပြုလက်ခံကြရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စွမ်းဆောင်နိုင်မှု ဦးဆောင်နိုင်စွမ်းကို အသိအမှတ်မပြုချင်ဘဲ လက်နက်အားကိုးနဲ့ အာဏာလုယက်ခဲ့ပြီး မိဘပြည်သူကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှု၊ မဟာအကုသိုလ်ကြီးတွေကျုးလွန်ခဲ့တာမို့ ဒေဝဒတ်လိုပဲ အဝီစိငရဲပြည်ကို လားရဖို့သာရှိပါတော့တယ်။

ပါမိတ္တ - ယုတ်ညံ့သော အဆွေခင်ပွန်းရှိခြင်း

ရှင်ဒေဝဒတ်ကို ငရဲပြည်သို့ပို့ဆောင်ပေးတဲ့ နောက်ထပ်အကြောင်းတရားကတော့ သူ့အနီးနား ပတ်ဝန်းကျင်မှာ ပါမိတ္တ လို့‌ခေါ်တဲ့- ယုတ်ညံ့သော အဆွေခင်ပွန်းများ ရှိခြင်းပဲဖြစ်ပါတယ်။ ရှင်ဒေဝဒတ်ရဲ အနီးနားမှာ ကောကလိကတို့လို ရဟန်းဆိုးတွေ ဝိုင်းရံမြှောက်ပင့်ပြီး အခွင့်အရေး ရရင် ဝိုင်းစားကြပြီး အခွင့်အရေးမရတော့ဘူး၊ ဘေးရန်ကြုံလာရင် မကူညီဘဲ စွန့်ပစ်တတ်တဲ့ မကောင်းတဲ့မိတ်ဆွေယုတ်တွေ ရှိနေခြင်းဆိုတဲ့ ပါမိတ္တဟာ ရှင်ဒေဝဒတ်ကို မဟာအကုသိုလ် ကံကြီးတွေ ကျုးလွန်ရဲလာအောင် သွေးထိုးမြှောက်ပင့်ပြီး အချွန်နဲ့မခံကြတာ ဖြစ်ပါတယ်။

အာဏာလုမင်းအောင်လှိုင်ရဲ့ အနီးနားဝန်းကျင်မှာလည်း မကောင်းတဲ့ အဆွေခင်ပွန်းတွေ ဝိုင်းရံနေပါတယ်။ လူထုခေါင်းဆောင်အပေါ်မနာလိုပြီး ဂုဏ်တုဂုဏ်ပြိုင်လုပ်လိုတဲ့ သူ့ဇနီး ကြူကြူလှနဲ့ အမေစုကို အခွင့်ထူးခံခွင့်‌ကြောင့် ဝိုင်းရံကပ်ဖားရင်း ဒေါ်အောင်ဆန်းစုကြည်အ‌ပေါ် ပုဂ္ဂိုလ်ရေးအရ မုန်းတီးနေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးအသစ် အဟောင်းတွေ၊ မင်းဆရာဖြစ်ချင်တဲ့ လောဘကြောင့် ဘုရားရှင်အဆုံးအမတွေကို မေလျှော့သွားတဲ့ သီတဂူ၊ ဆေကိန္ဒ၊ ဝီရသူ စတဲ့ရဟန်းဆိုးတွေက အာဏာလုယူအောင် ဝိုင်းဝန်းတိုက်တွန်းအားပေးခဲ့ကြတာကြောင့် သမ္မတရူး မင်းအောင်လှိုင်ဟာ သူ့ကို ငရဲပြည်ကိုပို့ဆောင်ပေးမယ့် လက်နက်မဲ့ မိဘပြည်သူ ပေါင်းများစွာ ကိုသတ်ဖြတ် ပြည်သူ့အိုးအိမ်ပေါင်း  ၈ သောင်းနီးပါးကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ ပြည်သူ ၃ သန်း ကျော်ကိုအိုးအိမ်မဲ့စေခဲ့ပြီးနောက် မြန်မာပြည်သူ သန်း ၃၀ နီးပါးဟာ ပြင်းထန်တဲ့အစာရေ စာပြတ်လတ်မှုအငတ်ဘေးနဲ့ ကြုံစေမဲ့ မဟာအကုသိုလ်ကြီးတွေ ကျုးလွန်နေကြတာဖြစ်တယ်။

ရဟန်းတရား ဆက်အားမထုတ်ခြင်း

ရှင်ဒေဝဒတ်ဟာ သမထကျင့်စဉ်အောင်မြင်ခဲ့ပြီး တန်ခိုးဣတ္တိပါဒ်နဲ့ အဘိဉာဉ်ရပြီးတဲ့အခါ ရှေ့ဆက်ပြီး ရဟန်းတရား ဝိပဿနာတရားကို ဆက်အားမထုတ်တော့မို့ သောတပန် အဆင့်ထိတောင် မရောက်ခဲ့ရဘဲ ပုထုဇဉ်ရဟန်း ဖြစ်နေတာကလည်း သူ့ကို ငရဲပြည်ကို ပို့ဆောင်ခဲ့တဲ့ တတိယမြောက် အကြောင်းတရားဖြစ်ပါတယ်။ ပုထုဇဉ်ပီပီ ကာမဂုဏ်အာရုံတွေမှာ မွှေ့လျှော် ကျက်စားရင်း အလိုရမ္မက်ကြီးပြီးလောဘ ဒေါသ၊ မောဟတွေဖုံးလွှမ်းခံရရင်း လမ်းပျောက်လို့ ငရဲပြည်ရောက်ရမယ့် အမှားတွေ ကျုးလွန်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် ရှင်ဒေဝဒတ်ဟာ မိမိမှာ အရည်အချင်းမမှီတာကို မမြင်နိုင်ဘဲ ဘုရားရှင်ကို ဂုဏ်တုဂုဏ်ပြိုင်လုပ်မိပြီး ဘုရားရှင်နေရာလုဖို့ ကြိုးစားရင်း ပြင်လို့မရနိုင်တဲ့ အမှားတွေ မဟာအကုသိုလ်ကြီးတွေ ကျုးလွန်ခဲ့တာမို့ ဇေတဝန်ကျောင်းပေါက်ဝက ရေကန် အနီးမှာ အရှင်လတ်လတ်  မြေမျိုခံရပြီး အဝီစိငရဲပြည်ကို ရောက်သွားရတဲ့ အကြောင်းတရား ၃ ပါး အနက်မှာ အဓိကအကျဆုံး မသူတော်တရားတွေဖြစ်တဲ့ ပါပိတ္ဆ ဆိုတဲ့ ယုတ်ညံ့သော အလိုဆန္ဒရှိခြင်းနဲ့  ပါမိတ္တဆိုတဲ့ ယုတ်ညံ့သော အဆွေခင်ပွန်းရှိခြင်းတွေပဲ ဖြစ်ပါတယ်။

အဲဒီအသဓမ္မတရား (မသူတော်တရားတွေ) ဟာ ရှင်ဒေဝဒတ်မှ ကွက်ပြီး အကျိုးပေးတာ မဟုတ်ပါဘူး။  ပါပိတ္ဆနဲ့ ပါမိတ္တ အကြောင်းတရားဆိုးတွေရှိသူတိုင်း ဘယ်သူ့ကိုမဆို ငရဲပြည်ကို ပို့ဆောင်တဲ့အကျိုးပေးမှာဖြစ်ပါတယ်။ အခု စာဖတ်သူတို့ခေတ်မှာ အထက်က မသူတော်တရားဆိုးတွေနဲ့ နိုင်ငံ့အာဏာကိုလုယူပြီး မိဘပြည်သူကိုသတ်ဖြတ်ရမ်းကားနေကြတဲ့ ဘုရင်ရူးမအလနဲ့နဲ့ မင်းဆရာရူးရဟန်းဆိုးတွေ၊ စစ်မိစ္ဆာလူမိုက်တအုပ်ဟာ ဒေဝဒေတ်လိုပဲ ငရဲပြည်ကိုရောက်စေမဲ့ ပါပိတ္ဆနဲ့ ပါမိတ္တဆိုတဲ့ မသူတော်တရားတွေနဲ့ပြည့်စုံနေကြပြီး တက်ညီလက်ညီနဲ့ မဟာအကုသိုလ်တွေကျုးလွန်နေကြတာကို အားလုံးအမြင်ပဲဖြစ်တာမို့ ဇာတ်ပေါင်းရင်တော့ လူဆိုးလူမိုက်တို့ကျဆုံးရပြီး ဓမ္မတရားနဲ့ အမှန်တရားကသာ အောင်ပွဲခံရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024