စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာရှိတဲ့ ပုလဲ-ဂန့်ဂေါလမ်း ပြည်ထောင်စု လမ်းမကြီးဟာ ဒုတိယအကြိမ်ပြိုကျခဲ့လို့ ကားတွေပိတ်မိနေပြီး ပြန်လည်ပြင်ဆင် နိုင်ရေးအတွက် နည်းပညာနဲ့ ငွေကြေးအကူအညီ လိုအပ်နေပါတယ်။
စက်တင်ဘာ ၄ ရက်နေ့မှာ မိုးသည်းသည်းထန်ထန် အဆက်မပြတ်ရွာတာကြောင့် အဲဒီနေ့မှာပဲ ပေ ၁၃၀ လောက်ပြိုကျသွားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ပုလဲ ပအဖအဖွဲ့ဝင်တယောက်က “အရင်တခါမြေသားပြိုတဲ့ မိုင်တိုင် ၅၁ မိုင်အနီးမှာ ဒုတိယအကြိမ် ထပ်ပြိုကျတာဗျ။ ဒီလမ်းက ပုလဲ၊ ဂန့်ဂေါ၊ မုံရွာ၊ ဟားခါးကို ဆက်သွယ်ထားတဲ့လမ်းဗျ။ ဒေသခံတွေအတွက်တော့ အတော်အရေးပါတဲ့လမ်း လို့လည်း ပြောလို့ရတယ်။ ပထမအကြိမ် ပြိုတုန်းကတော့ ကျနော်တို့ ပုလဲမြို့နယ် ပအဖ၊ ပကဖ၊ တိုက်နယ်တွေရဲ့အကူညီနဲ့ ယာယီအသုံးပြုလို့ရအောင် ကွင်းလမ်းဖောက်လုပ်ခဲ့ပေမယ့် မိုးရွာတာများတော့ မြေသားတွေ ပျော့ပြီးတော့ ဒီလမ်းပိုင်းက မြေသားတွေက မိုးရေနဲ့ တောင်အောက်လျှောကျတာဖြစ်ပြီး လမ်းမြေပြိုရတာပါဗျ” လို့ ပြောပါတယ်။
အခုလို ကားလမ်းမြေပြိုကျတာကြောင့် ပုလဲ၊ ဂန့်ဂေါ၊ ကလေး၊ တမူးသွားကားတွေ လမ်းမှာ ပိတ်မိနေတယ်လို့လည်း သိရပါတယ်။
ပျက်စီသွားတဲ့လမ်းပိုင်းကို ပုလဲမြို့နယ်တိုက်နယ် ပအဖ၊ ပကဖ အဖွဲ့တွေနဲ့ပူးပေါင်းပြီး အရေးပေါ်သွားလာနိုင်ဖို့ ပြုပြင်နေပြီး နည်းပညာပိုင်းဆိုင်ရာ အကူအညီလိုအပ်နေသလို ရန်ပုံငွေအခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ပြည်သူတွေ သွားလာရေးအဆင်ပြေဖို့အတွက် အကူညီတွေပေးအပ်ဖို့လည်း ပုလဲမြို့နယ် ပအဖအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။