Home
နိုင်ငံတကာ
ဂရိနိုင်ငံတွင် မုန်တိုင်းကြောင့် လမ်းတံတားများပျက်စီး၊ အနည်းဆုံး လူ ၆ ဦး သေဆုံး
DVB
·
September 9, 2023

ဂရိနိုင်ငံအလယ်ပိုင်းမှာ ၃ ရက်ကြာ ဒန်နီယယ်မုန်တိုင်း တိုက်ခတ်ခဲ့လို့ မြေပြိုမှု၊ လမ်းတံတားတွေ ပျက်စီးကာ ဒါဇင်နဲ့ချီတဲ့ မော်တော်ကားတွေ မျောပါသွားခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်မှာ အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ပျောက်ဆုံးနေပါတယ်။

ပြည်မကြီးအလယ်ပိုင်း ကာဒစ်တ်ဆာမြို့အနီးရှိ အက်စ်ထရစ်ဆာကျေးရွာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ရေကြီးမှုကြောင့် လမ်းတွေ လုံးဝနစ်မြုပ်သွားတာကို မြင်တွေ့ရပါတယ်။

ကာဒစ်တ်ဆာနဲ့နီးကပ်တဲ့ ပါလမာမြို့မှာတော့ လူဒါဇင်ပေါင်းများစွာဟာ သူတို့ရဲ့ရေမြုပ်နေတဲ့ နေအိမ်တွေအတွင်း ပိတ်မိနေကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ပြည်မကြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဗိုလော့စ်၊ အနီးအနားက တောင်ထူထပ်တဲ့ ပဲလ်ယန် ဧရိယာအပြင် ကာဒစ်တ်ဆာနဲ့ တရီးကာလာ မြို့တွေဟာ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

စက်တင်ဘာလ ၅ ရက် အင်္ဂါနေ့ ကတည်းက နိုင်ငံတဝန်း လူ ၈၂၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ပြီး သူတို့ထဲက အယောက် ၇၅၀ ဟာ သဲ့စလီဒေသက ဖြစ်ပါတယ်။

စက်တင်ဘာ ၈ ရက် သောကြာနေ့မှာတော့ ဒန်နီယယ်မုန်တိုင်းဒဏ်ကို မဆုတ်မနစ် ခံခဲ့ရတဲ့ သဲ့စလီ အလယ်ပိုင်းရှိ ကုန်းမြင့်တွေနဲ့ နေအိမ်တွေမှာ အစားအစာနဲ့ရေ မရှိဘဲ ၃ ရက်ကြာ ပိတ်မိနေခဲ့တဲ့ လူရာပေါင်းများစွာကို ကယ်ထုတ်ပေးနေပါတယ်။

ဒန်နီရယ်မုန်တိုင်းကြောင့် ဂရိနိုင်ငံအလယ်ပိုင်းမှာ အပျက်အစီးလမ်းကြောင်းကြီး ပေါ်လာခဲ့ပြီး ယူရို ဘီလီယံနဲ့ ချီပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေစီးကြောင်းတွေကြောင့်  နေအိမ်တွေ မျောပါသွားရပြီး အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေလည်း ပျက်စီးကုန်ပါတယ်။

တံတားတွေ ပြိုကျပြီးလမ်းတွေ အသွားအလာ ခက်ခဲကုန်တဲ့အပြင် ဓာတ်အားလိုင်းတွေလည်း ပြိုကျခဲ့ပါတယ်။

တချိန်က မြေသြဇာကောင်းတဲ့ မြေပေါ်မှာ ၁ မီတာကျော်လောက်ရှိတဲ့ နုန်းတွေ တင်ကျန်ခဲ့ပြီး နိုင်ငံရဲ့ဒုတိယအကြီးဆုံး လယ်မြေဒေသက ကောက်ပဲသီးနှံတွေလည်း ရေထဲ အကုန်ပါသွားခဲ့ပါတယ်။

မုန်တိုင်း ဒန်နီယယ်ဟာ မှတ်တမ်းတွေ စတင်ခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်ကတည်းက နိုင်ငံအတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း မိုးလေဝသ ပညာရှင်တွေက ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024