Home
ဆောင်းပါး
ကြင်စိုး နိဂုံး
DVB
·
September 9, 2023

(က)

ဒီမနက်ရေနွေးကြမ်းဝိုင်းမှာ အဘစောမူးသာ၊ စစ်ပြန်ကြီးအဘလုံးတုံး၊ စိမ်းသရဖူစိမ်းအဘ စိမ်းမောင်နဲ့ ဖေကြီးတို့ စကားကောင်းနေကြပါတယ် ခင်ဗျ။

အလုပ်တွေက ဘယ်လိုမှမကောင်း၊ ဝင်ငွေတွေက ဘယ်လိုမှမမှန်တဲ့အထဲ ကုန်ဈေးနှုန်းတွေက အသားကုန် ထိုးတက်လာတဲ့အခါ သိပ်မကြာခင်ကာလမှာ တစ်နိုင်ငံလုံး 'အုံးအုံးကြွ ' လာတော့မယ်အခြေအနေလို့ အဘစောမူးသာက ပြောပါတယ်။

“ဒီ မအလ ခွေးကျင့်ခွေးကြံကြံပြီး ရာဇပလ္လင်ပေါ် အတင်းအဓမ္မတက်ထိုင်ကာမှ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဒုက္ခတွေရောက်ကုန်တာ လုံးတုံးရ။”

"အေးကွ . . . ဒီ   (--) က မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံးမင်း အဖြစ် မှတ်တမ်းဝင်သွားပြီကွ၊ ဘယ်လိုနည်းနဲ့မှကို အဖတ်ဆယ်လို့ မရတော့ဘူး။"

အဘစိမ်းမောင်ကား ငြိမ်နေ၏။ ဟိုအဘတွေကား ကြင်စိုး သာ၀ မအလနှင့် ပတ်သက်၍ ဖြစ်လာနိုင်ခြေရှိသည်များကို သုံးသပ်ပြောဆိုနေကြပါလေ၏။

သူအာဏာသိမ်းတာကို တနိုင်ငံလုံးက လက်မခံဘဲ တစ်တိုင်းပြည်လုံးက မြို့တိုင်းရွာတိုင်းမှာ လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ ကန့်ကွက်ခဲ့ကြပါ၏။  ကမ္ဘာ့နိုင်ငံအသီးသီးကလည်း လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါ၏။ အာဆီယံကလည်း ကန့်ကွက်ခဲ့ကြတာပါပဲ။

အခုအခါမတော့ သူ့လက်ပါးစေ ဖက်ဆစ်တပ်ဖွဲ့ဝင်‌တွေထဲကပါ သူ့မတရားမှုကို ကန့်ကွက်ကာ ရှုတ်ချလာကြလေရာ မအလမှာ ဘုရင်ရူး၊ ပလ္လင်ရူး၊ အာဏာရူး ဘဝမှနေ၍ လုံးဝကို  သွက်သွက်ခါတော့မည့် လက္ခဏာတွေကို အားလုံးမြင်နေကြရပြီဟု သုံးသပ်ကြပါလေ၏။

" မအလရဲ့ ခါးပိုက်ဆောင်တွေထဲက အခုလိုတိုက်တိုင်းရှုံးနေတဲ့အချိန်မှာ စစ်ကိုမတိုက်ချင်တော့တဲ့ ဗိုလ်ချုပ်တွေ၊ တပ်ရင်းမှူးတွေ၊ တပ်မမှူးတွေဟာ သူ့အမိန့်အာဏာတွေကို ဖီဆန်နေကြတာများ အားရစရာကွာ။"

" အေးကွ မူးသာရ၊  ပြည်သူလူထုတရပ်လုံးနဲ့ တိုက်နေရတဲ့စစ်ပဲကွာ . . . အထိနာမှာပေါ့၊ မအလရဲ့ ခါးပိုက်ဆောင်တပ်တွေဟာ တဖြုတ်ဖြုတ်နဲ့ ကျနေတာ၊ အခုဆိုရင် လူအင်အား သာမက စိတ်ဓာတ်အင်အားပါ ချိနဲ့နေပြီလေ။"

" အမှန်ပဲ လုံးတုံးရ . . . သိပ်မကြာခင်မှာပဲ ကြင်စိုး သာ၀ မအလဟာ  ဟစ်တလာ လိုအဖြစ်မျိုးနဲ့ ဇာတ်သိမ်းတော့မှာ ကျိန်းသေပဲကွ . . . ဟ ဟ ဟ "

အဘစိမ်းမောင်ကား အိမ်ပြတင်းပေါက်မှနေ၍ ခြံဝင်း ထဲသို့ငေးကာ တစ်ခုခု တွေးနေပုံပါလေ။

" ' မအလ ' ဟာ ' ဟစ်တလာ ' လို ဖြစ်ကိုဖြစ်မှာကွ၊ ' ဟစ်တလာ ' ရဲ့နောက်ဆုံးနေ့တွေအကြောင်း မင်းသိလား စိမ်းမောင် "

" သိ . . . အဲ . . . မသိ ပါဘူး မူးသာရာ "

" ဟားဟား ဟားဟား ဟားဟား . . . မသိဘူး ဆိုရင်တော့ ပြောပြပေးရမှာပေါ့ စိမ်းမောင်ရာ "

(ခ)

ဒုတိယကမ္ဘာစစ်ကာလမှာ အလွန်တရာရမ်းကားဆိုးသွမ်းပြီး ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ဂျာမနီအာဏာရှင် ' နာဇီ ' ဟစ်တလာကို အမေရိကန်အပါအဝင် အင်္ဂလိပ် ရုရှား . . . စတဲ့ မဟာမိတ်တပ်တွေက ဝိုင်းပြီး ဆွမ်းကြီးလောင်းသမကြတဲ့အခါ သကောင့်သားဟစ်တလာက ပထမတော့ လေကြီးလေကျယ်နဲ့ မဖြုံသလိုလို ဘာလိုလိုအိုက်တင်နဲ့ပါတဲ့ ခင်ဗျ။

၁၉၄၄ ခုနှစ် နာတာလူးပွဲတော်မတိုင်မီကလေးမှာ ဟစ်တလာရဲ့ အကြီးမားဆုံး ထိုးစစ်ကြီးဖြစ်တဲ့ ဘာ့ဂျ် တိုက်ပွဲဟာ နှင်းတွေဖုံးနေတဲ့ အာဒင်းတောအုပ်ထဲက အမေရိကန်စစ်ကြောင်းတွေကြားမှာ အကြီးအကျယ်ကို ပြိုကွဲသွားပါသတဲ့။ ဟစ်တလာရဲ့တပ်သား တစ်သိန်းကျော် ထိခိုက်ကျဆုံးပြီး မဟာမိတ်တွေဘက်က ၈၁၀၀၀ လောက်ကျခဲ့ပါတယ်တဲ့။ အဲဒီနောက်မှာတော့ နာဇီတွေရဲ့

ဆုတ်ခွာမှုဟာ ရပ်နားတယ်လို့ မရှိတော့ပါဘူးတဲ့။ တိုက်ပွဲတိုင်းမှာ ဆုတ်ခွာထွက်ပြေးနေကြတာများ ' မာရသွန် ' ပွဲကြီးတွေအလားပါပဲတဲ့။

မတ်လထဲမှာတော့ အမေရိကန်တပ်တွေဟာ ရီမာဂျင်တံတားကိုသိမ်းပိုက်ကာ ရိုင်းမြစ်ကိုဖြတ်ကူး

ခဲ့ကြပြီး ဂျာမန်တွေရဲ့ဖရင့်ဖို့မြို့ကျပါသတဲ့။ ပြီးတော့ ကားလ်ဇရူဟေးမြို့ကျပြီး ဆိုဗီယက်တွေကလည်း ဗီယင်နာမြို့ကို သိမ်းလိုက်ပါတယ်တဲ့။

"အဲသည်အချိန်မှာတော့ သူ့လူတွေက ' ခေါင်းဆောင်ကြီး ' လို့ခေါ်တဲ့ ဟစ်တလာဟာ သူ့ မြေ တိုက်ထဲကကို မထွက်ရဲတော့ဘူးတဲ့ကွ "

“မြေတိုက်ထဲမှာ နေတာလား"

" အေးကွ . . . ဘာလင်မြို့လယ်ကောင်မှာရှိတဲ့ ရိုက်စတက်လွှတ်တော်နားမှာ လျှို့ဝှက်တူးထားတာ။ မြေအောက် ပေခြောက်ဆယ်မှာ။ မြေတိုက်အမိုးက ဆယ့်ခြောက်ပေထုနဲ့ အခန်းက သုံးဆယ်ရှိတယ်တဲ့။ ဟစ်တလာနဲ့ သူ့အဖွဲ့သားငါးရာဟာ ဝင်ကြ ထွက်ကြ အရေးပေါ်အစည်းအ ဝေးတွေ လုပ်ကြတယ်တဲ့။"

" အင်း . . . "

"ဟစ်တလာဟာ အဲဒီမြေအောက်ခန်းထဲမှာပဲစားသတဲ့၊ အိပ်သတဲ့၊ ညွှန်ကြားချက်တွေပေးသတဲ့၊ ဒေါသပေါက်ကွဲသတဲ့၊ အော်ဟစ်ဆဲဆိုသတဲ့၊ သူဟာ နောက်ဆုံးအချိန်တွေမှာ နေဝင်တာတွေ နေထွက်တာတွေကို မြင်မသွားရရှာဘူးတဲ့”

အာဏာရှင်ကြီးရဲ့ကျန်းမာရေးဟာလည်း ဆိုးရွားလာခဲ့ပြီး ခေါင်းဟာ တုန်နေသတဲ့၊ လက်တွေကလည်း အထိန်းအချုပ်မဲ့စွာ တုန်ယင်နေပါသတဲ့။ သူ့ကိုမကျေနပ်တဲ့ ' ဂျာမန်ဖရဲသီး ' စစ်အရာရှိတွေက အဲသည် မြေတိုက်ထဲမှာပဲ ဗုံးနဲ့လုပ်ကြံခဲ့သေးတယ်တဲ့။ အသက်မသေပေမဲ့ နားနှစ်ဖက်လုံးဟာ တစ်ဝက်တစ်ပြက် ပင်းသွားခဲ့တယ်လို့ သိရပါတယ်။

" အေးကွ . . . ကြင်စိုး သာ၀ မအလလည်း မြေတိုက်ထဲမှာပဲ စံမြန်းနေတယ်လို့ ကြားရသကွ၊ ဟစ်တလာနဲ့အတော့်ကိုတူတဲ့ ငနဲကြီးပါလားဟ"

" ဟားဟား ဟားဟား ဟားဟား . . အေးကွ "

" တူမယ့်တူလည်း  နိဂုံးချုပ်ပုံပါ တူမယ့် သဘောရှိနေပြီ လုံးတုံးရ . . . ဟ ဟ ဟ "

" အေးကွ . . . ကဲ ကဲ . . . စိမ်းမောင်ကော ဘယ်လိုထင်သလဲ "

" အဲ . . . အင်း . . . ဟို . . . ဘာကို ဘယ်လို ထင်ရမှာလဲ "

" မင်းတို့ကိုယ်းကွယ်တော်မူနေတဲ့ ကြင်စိုး သာ၀ မအလဟာ ဟစ်တလာလိုမျိုး နိဂုံးချုပ်မယ်လို့ ထင်သလားလို့ မေးတာဟ "

" အဲ . . . ငါက ဟစ်တလာ နိဂုံးချုပ်ပုံကို သိမှမသိတာ လုံးတုံးရာ . . . "

" ဟားဟား ဟားဟား ဟားဟား . . . . . မသိဘူးဆိုတော့လည်း ဗဟုသုတရအောင် ပြောပြရမှာပေါ့ သူငယ်ချင်း စိမ်းမောင်ရာ "

(ဂ)

အာဏာရှင်တစ်ဦးရဲ့ နိဂုံးမှာ သင်ခန်းစာယူစရာတွေ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။ မဟာမိတ်တပ်ပေါင်းစုတွေကလည်း အခု PDF နဲ့ EAOs တိုင်းရင်းသားတပ်တွေလို မြို့တွေကို တမြို့ပြီးတမြို့သိမ်းလာ၊ ဟစ်တလာ့အောက်ကကောင်တွေကလည်း ပုန်ကန်ပြီး လုပ်ကြံတဲ့ အထိဖြစ်လာ၊ နောက်ဆုံး သူပုန်းနေတဲ့ မြေတိုက်နားအထိ ညာသံပေးပြီး ချီတက်လာကြပြီ ဆိုတော့ သူလည်း လုပ်စရာရှိတာတွေ လုပ်ရတော့တာပေါ့တဲ့။

" ဟစ်တလာရဲ့နောက်ဆုံးလုပ်ရမဲ့အလုပ်တစ် ခုက ' လက်ထပ်ဖို့ ' တဲ့ကွ "

" ဟေ . . . "

" သူ့အလိုကို မညည်းမညူ လိုက်ခဲ့တဲ့ အပျော်မယား ' အီဗာဗရွန်း ' က ဟစ်တလာနဲ့ လက်ထပ်ဖို့စောင့်နေတာ နှစ်ပေါင်းများစွာကြာလှပြီတဲ့၊ ဒီတော့ သူ့နောက်ဆုံးအချိန်မှာ အဲဒီမြေ အောက်ခန်းမှာပဲ လက်ထပ်ပွဲကို ကျင်းပခဲ့တယ်တဲ့ ဟ "

" အေးကွာ . . . ဆက်ပါဦး "

" အဲသည် လက်ထပ်တဲ့နေ့ဟာ ဧပြီလ ၂၉ရက်နေ့ဖြစ်ပြီး မနက် ၄ နာရီထိုးတဲ့အခါ သူ ဟာ ' သေတမ်းစာ ' ကို ရေးပြီးနေပြီတဲ့ "

" သေတမ်းစာထဲမှာ ဘာတွေများ ပါလဲဟ "

"ဂိုဗဲကို ဝန်ကြီးချုပ်အဖြစ် ခန့်ကြောင်း၊ ရေကြောင်းဗိုလ်ချုပ် ဒိုနစ်ကို  သေနာပတိချုပ် ခန့်ကြောင်းတွေပါပြီး မိမိသည် ဘယ်အခါမျှ စစ်ကိုမလိုလားကြောင်း၊ မိမိကျူးလွန်ခဲ့တဲ့ပြစ်မှုများကို အပြစ်ဆို၍ မိမိသေလျှင် အလောင်းကို မီးသင်္ဂြုဟ်ဖို့ မှာကြားခဲ့သတဲ့။"

အဲသည်အချိန်မှာ ဆိုဗီယက်တပ်နီတော်ဟာသူ့မြေတိုက်နဲ့ တစ်ပြအကွာကို ရောက်နေပြီတဲ့။ အဲဒီတစ်ညလုံး ဟစ်တလာဟာ သေဖို့ပြင်ရင်း အလုပ်တွေများနေပါသတဲ့။ သူ့အချစ်တော်ခွေးကြီး ' ဗလွန်ဒီ ' ကို အဆိပ်ကျွေးပြီးသတ်ဖို့မှာပြီး တခြားနှစ်ကောင်ကို သူကိုယ်တိုင်ပဲ ပစ်သတ်လိုက်ပါတယ်တဲ့။

သူ့အနီးကပ် အတွင်းဝန်နှစ်ဦးလည်း သူနဲ့အတူ လိုက်ပြီးသေလိမ့်မယ်လို့ ယုံကြည်ပြီး ဆိုင်ရာနိုက်အဆိပ်တစ်တောင့်စီ ပေးသတဲ့။ ဒါပေမဲ့ လည်း အဲသည် သစ္စာရှိအတွင်းဝန်တွေဟာ အဆိပ်ကို မသောက်ခဲ့ကြပါဘူးတဲ့။

" ဧပြီလ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲကျတော့ ဟစ်တလာနဲ့ သူ့ဇနီးအသစ်စက်စက် အီဗာဗ ရွန်းတို့ဟာ မြေတိုက်အတွင်းက သူတို့အိပ်ခန်းထဲကို အတူဝင်သွားကြပြီး သွားကြားမှာ ဆိုင်ယာနိုက် အဆိပ်တောင့်ကိုကိုက်ထားသတဲ့ "

" အေး . . . အဆိပ်က အရမ်းပြင်းတာ တဲ့ "

" အေးကွ . . . သူ့ကိုယ်သူ မသေမှာစိုးတာနဲ့အဆိပ်တောင့်ကို သွားနဲ့ကိုက်ထားပြီး ဝေါ်လ်တာပစ္စတိုနဲ့ သူ့နားထင်ကိုသူ ပစ်ချလိုက်သတဲ့"

" အင်း . . . . . . "

" ရူးကြောင်ကြောင်အာဏာရှင်ကြီးဟာ အရှုံးကိုရင်မဆိုင်ရဲသလို အနိုင်ရသူတွေဆီမှာလည်း

အဖမ်းမခံဘဲ ကိုယ့်အသက်ကို ကိုယ်တိုင် နှုတ်ယူသွားတဲ့အထိကို မိုက်လုံးကြီးခဲ့တာ "

" အေးကွ . . . ဟစ်တလာအမည်ရ အာဏာရှင်ကြီး ' ဟတလ ' နဲ့ ကြင်စိုး သာ၀ အမည်ရ

အာဏာရူးကြီး ' မအလ' တို့ဟာ နိဂုံးချုပ် ဇာတ်သိမ်းပုံချင်း ထပ်တူကျမလား ဆိုတာကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါစို့လား "

" ဝါး . . . . ဟားဟား ဟားဟား ဟားဟား . . . "

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024