မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၅၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၇၄၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၄၄၇ ယောက် လက်ရှိချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၂၉၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၆ ယောက် ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၂၉၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ နိုင်ငံတဝန်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၄၃၄ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၁၃၈ ယောက်နဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက် ခိုက်မှုကြောင့် ၃၆၈ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၂၄၆ ယောက်နဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။