ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်း ၉၂ မိုင်မှာ ရွှေမန်းသူ ခရီးသည်ယာဉ်လိုင်းက ကားတစီး တိမ်းမှောက်ပြီး တဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအသင်းတွေထံက သိရပါတယ်။
စက်တင်ဘာ ၈ ရက် နေ့လယ် ၁ နာရီ မိနစ် ၄၀ လောက်မှာ ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာတယ့် ရွှေမန်းသူ ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့လို့ အမျိုးသား ၅ ဦး ၊အမျိုးသမီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အသက် ၆၀ အရွယ် ခရီးသည်အမျိုးသမီး တဦးကတော့ ယာဉ်တိမ်းမှောက်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
ကူညီခဲ့တဲ့ ပရဟိတသမားတစ်ဦးက “ကားက ရန်ကုန်ကနေ နေပြည်တော်ဘက်ကို လာတဲ့ကားပါ။ ခရီးသည်တွေပြောတာတော့ ကားသမားအိပ်ငိုက်ပြီး မှောက်တဲ့ပုံစံပေါ့ ကားက လမ်းဘေးကို ဘေးတိုက်လဲကျသွားတာပါ” လို့ ပြောပါတယ်။
ခရီးသည်တွေကို ကားအတွင်းကနေ ပရဟိတသမားတွေက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပြီး ဒဏ်ရာရလူနာတွေဟာ ကျောက်တံခါးမြို့နားက မြို့ချောင်းဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။