Home
မြန်မာသတင်း
တမူးနှင့် ဝက်လက်မြို့နယ်တို့တွင် စစ်တပ်က ရွာမီးရှို့၊ ဆားလင်းကြီး၌ စစ်တပ်ရန်ကြောင့်  ဒေသခံများ ထွက်ပြေး
DVB
·
September 8, 2023

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမိတ်ကျေးရွာအုပ်စုက နန်းမွန်းတာရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၇ ရက် မနေ့ကစတင်  မီးရှို့ဖျက်‌ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ နန်းမွန်းတာရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာပါ။

နန်းမွန်းတားရွာအနီး ဒေသခံတဦးက “မနေ့ကစပြီး မီးရှို့နေတာပဲ၊ အိမ်ခြေတော်တော်များများ မီးလောင်နေတာကို တွေ့ရတယ်။ ဒေသခံတွေကတော့ ပြေးနေကြရတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာ ၅ ရက်က ခမ်းပါတ်မြို့ကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီ ပူးပေါင်းအင်အား ၁၀၀ ကျော်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား နန်းမွန်းတားရွာအနီးမှာ ဒီနေ့ချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

National Liberation Army အဖွဲ့ဝင်တဦးက “စစ်ရေးအခြေအနေက ပြင်းထန်နေတုန်းပဲ။ နှစ်ဖက် ထိခိုက်မှုတော့ ရှိထားတယ်။ စစ်တပ်က နန်းမွန်းတားရွာက နေအိမ်တော်တော်များများကို မီးရှို့နေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ခမိတ်ကျေးရွာအုပ်စုက နန်းမွန်းတာရွာ အပါအဝင် ခွန်မွန်းနွံရွာနဲ့ ရန်လင်းဖိုင်ရွာက ဒေသခံထောင်ချီဟာ အိန္ဒိယနယ်စပ်ဘက်တွေနဲ့ ဘေးလွတ်ရာ ဒေသတွေကို တိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာလည်း   စက်တင်ဘာ ၇ ရက် နေ့ခင်း ၁ နာရီဝန်းကျင်မှာ ဖိုဝင်းတပ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကိုင်းမြို့ဘက်ကနေ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက မင်းကုန်းလေးကျေးရွာ အနောက်ဘက်မှာ စက်တင်ဘာ ၇ ရက် မနက် ၉ နာရီခွဲလောက်က တိုက်ခိုက်ခံရပြီးနောက် အထိနာသွားတဲ့ စစ်ကြောင်းက ဖိုဝင်းတပ်ရွာကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းမြို့ဘက်ကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ခွဲထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဝက်လက်မြို့နယ် ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ-၃ လျှပ်စီးတပ်ခွဲနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၇ ရက် မနက် ၉ နာရီခွဲ‌မှာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိရဲဘော်တဦးက  ပြောပါတယ်။

“သူတို့စစ်ကြောင်းလာမယ်ဆိုတာ သိလို့ ပစ်မယ့်နေရာမှာ ကြိုပြီး အသင့်စောင့် ပစ်ခတ်ခဲ့တာပါ။ သူတို့ ရှေ့တန်းကနှစ်ယောက် ထိမှန်လဲကျသွားတာကို မြင်ခဲ့ရတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ သယ်သွားတာကိုလည်း ကျနော်တို့ ဒရုန်းကတဆင့် မြင်ခဲ့ရတယ်။”

စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးနောက် ထမ်းစင်တွေနဲ့ ဖိုဝင်းတပ်ရွာဘက်ကို ထွက်ခွာသွားပြီး စက်တင်ဘာ ၇ ရက် နေ့ခင်း ၁ နာရီဝန်းကျင်မှာ ဖိုဝင်းတပ်ရွာကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့မြင်လိုက်တာ ထမ်းစင်သုံးစင်နဲ့ အယောက် ၃၀ လောက် ဝိုင်းသယ်ပြီး ဖိုဝင်းတပ် အနောက်ဘက် ဘုန်းကြီးကျောင်းကို ပို့တယ်။ ပို့ပြီးတော့ ညနေခင်းကျ နဘဲပင်လှနဲ့ မင်းကုန်းဘက်ကို နှစ်ကြောင်းနဲ့ ဖြန့်ထားတယ်။ ဖြန့်ပြီး လှည်းနဲ့ ပေါက်ကန်ဘူတာဘက်ကို ထွက်သွားတယ်။”

ပေါက်ကန်ဘူတာကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေက ပေါက်ကန်ဘူတာကိုလည်း ထပ်မံမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ မန္တလေး-မြစ်ကြီးနား သံလမ်းကို စစ်ကောင်စီတပ်က လုံခြုံရေးယူပေးနေတဲ့ စစ်​ကြောင်းအပြင် ရွာစဥ်ပတ်မွှေနေတဲ့ စစ်ကြောင်း၊ ရွှေဘိုဘက်က ထွက်လာတဲ့ စစ်ကြောင်းအပြင် စစ်ကိုင်းဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းတွေပါ ရှိနေတာကြောင့် ဝက်လက်မြို့နယ်တခုလုံးက ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ဘက်ကနေ ဝက်လက်မြို့နယ်ထဲကို စစ်သားအင်အား ၈၀ ဝန်းကျင်နဲ့ ထိုးလာတဲ့ စစ်ကြောင်းကို ​စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်တွေမှာလည်း တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်မှာတော့ ဆုံတားရွာ၊ မြေဇွန်းရွာကို စက်တင်ဘာ ၇ ရက် မနက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပြည်သူအများအပြား စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေဝင်တောရွာကို မီးရှို့ပြီး ထွက်ခွာလာတဲ့ စစ်တပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေး ကိုဩက “ရေဝင်တောရွာကနေ စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်း စစ်ကြောင်းထွက်လာတာဗျ။ အဲဒီရေဝင်တောရွာကနေ ကျွန်းဒိုပင်ရွာကို ညအိပ်တပ်စွဲတယ်။ အဲ ရွာက ဒေသခံ ၁၀ ဦးလောက်ကို ဘုန်းကြီးကျောင်းထဲကနေ လူသားဒိုင်းလုပ်ဖို့ ဖမ်းဆီးသွားတယ်ဗျ။ အဲ့ကျွန်းဒိုပင်ရွာကနေ ဆုံတာရွာနဲ့ မြေဇွန်းရွာကို ဝင်မွှေနေတယ်ဗျ။ သူတို့ ကျားတက်ရွာဘက်ကို သွားမယ်လို့ထင်တယ်ဗျ။ အဲဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျွန်းဒိုပင်ရွာ၊ မြေဇွန်းရွာ၊ ဆုံတားရွာနဲ့ အိုဘိုရွာတို့က ဒေသခံထောင်နဲ့ချီ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်မှုတွေနဲ့  ပြည်သူတွေရဲ့ ကျေးရွာတွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲလောက်ကာလအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီတပ် တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူလူထုနေအိမ်ပေါင်း ၇၅၀၀၀ နီးပါးရှိပြီး စစ်ကိုင်းတိုင်းမှာ ၅၇၅၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ Data For Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024