Home
မြန်မာသတင်း
ပြည်မြို့ မြို့မဈေးကြီးတွင် အမှိုက်ခွန် အတင်းအကျပ် ခြိမ်းခြောက်ကောက်ခံနေ
DVB
·
September 8, 2023

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းပိုင်ရှင်တွေထံကနေ အမှိုက်ခွန် ကျပ် ၂,၀၀၀ အတင်းအကျပ် ကောက်ခံနေပြီး မပေးဆောင်သူတွေကို စည်ပင်ဝန်ကြီးက ပုဒ်မ ၅၀၅ နဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဈေးသူဈေးသားတွေထံက သိရပါတယ်။

စက်တင်ဘာ ၅ ရက်က စည်ပင်ကော်မတီအဖွဲ့ဝင်တွေ၊ ဈေးခေါင်းတွေနဲ့ ရက်ရာဇာ အမှိုက်သိမ်းကုမ္ပဏီတို့ အစည်းအဝေးလုပ်အပြီးမှာ အခုလို ခြိမ်းခြောက် ငွေကြေးကောက်ခံနေတာလို့ ဆိုပါတယ်။

ဈေးသူတဦးက “အစည်းအဝေးလုပ်တယ်၊ ပဲခူးတိုင်း စည်ပင်ဝန်ကြီးပါတယ်။ အခန်းခပေးတည်းက ရေဖိုး မီးဖိုး အမှိုက်ခ အကုန်ပါပြီးသား။ ဒါကို ရက်ရာဇာ အမှိုက်သိမ်းကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးပြီး လုပ်ချင်သလို လုပ်နေကြတာ။ အခန်းတွေ ပြန်ပြင်ခိုင်းလို့လည်း လေးငါးသိန်း အကုန်ကျခံပြီး ပြင်ထားရတယ်။ အခုက ငွေလိုချင်လို့ကို တမင် အတင်းအကျပ် တောင်းနေတာ။ ခေတ်မကောင်းတာကို အခွင့်အရေးယူတာ၊ ရက်ရာဇာကလည်း ဒါကို လိုက်လုပ်တယ်။ အဲ့ဒီကုမ္ပဏီက တာဝန်ရှိတဲ့သူတွေကလည်း ရဲထွက်တွေ။ အမှိုက်ကျ ပိုက်ဆံကောက်မယ် ကြေညာပြီးတော့ တခါလာသိမ်းတယ်။ အခုဆို တပတ်တခါတောင် မလာဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဩဂုတ်လအတွင်း ပြည်မြို့ ဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းတွေအားလုံး အမှိုက်ခွန် ကျပ်  ၂,၀၀၀ ပေးဆောင်ရမယ်လို့ ဈေးခေါင်းတွေက လိုက်လံအသိပေး ကြေညာခဲ့ပြီး ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေပါ အားလုံးပေးဆောင်ရမယ်လို့ အသိပေးပြီးနောက် မပေးဆောင်သူတွေကို ပဲခူးတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ စည်ပင်သာယာဝန်ကြီး ဒေါက်တာစောညိုသင်းက ပုဒ်မ ၅၀၅ နဲ့ အရေးယူမှု လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ရက်ရာဇာ အမှိုက်သိမ်းကုမ္ပဏီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရ လက်ထက်က စည်ပင်ကော်မတီနဲ့ ပြည်သူတွေ ထောက်ခံမှုကြောင့် အမှိုက်သိမ်းလုပ်ငန်းကို မြို့နယ်အတွင်း လုပ်ပိုင်ခွင့်ရခဲ့ပြီး စစ်အာဏာသိမ်းအပြီးမှာတော့ စစ်ကောင်စီခန့် ဝန်ကြီးတွေနဲ့ ပူးပေါင်းကာ အခုလို ငွေကြေးကောက်ခံနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024