စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်အနှံ့အပြားမှာ ချောင်းရေလျှံလို့ ချောင်းအနီးက နေအိမ်တွေ အမြင့်ပိုင်းနေရာတွေကို ပြောင်းရွှေ့နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းတာ ၄ ရက်မြောက်နေ့ဖြစ်တဲ့ စက်တင်ဘာ ၈ ရက် ဒီနေ့မနက်ပိုင်းမှာ ရပ်ကွက်ထဲတွေကို ရေစတင် ဝင်ရောက်လာတာလို့ ဆိုပါတယ်။
ကလေးမြို့ခံတဦးက “ရေက ဒီမနက် ရုတ်တရက်ဝင်လာတာ။ ချောင်းဘေးက နေအိမ်တွေကတော့ အမြင့်ပိုင်းဘက်တွေ ရွှေ့နေကြတယ်။ ၂၀၁၅ ရေကြီးလျှံပြီးတဲ့နောက်ပိုင်း ဒါက အကြီးဆုံးရေလျှံတာ” လို့ ပြောပါတယ်။
ကလေးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မင်္ဂလာဥယျာဉ်၊ အောင်သစ္စာ၊ မြို့သာ၊ တောင်သာ၊ ကြို့သုံးပင်၊ တောင်ဇလပ် စတဲ့ရပ်ကွက်တွေမှာ ရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။