Home
မြန်မာသတင်း
မူဆယ်တွင် တရုတ်ဘက်ဝင်ခွင့် တခါသုံးကတ်ရရန် တန်းစီစောင့်ဆိုင်းသူ များပြား
DVB
·
September 8, 2023

တရုတ်-မြန်မာနယ်စပ်၊ မူဆယ် နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် တခါသုံးကတ်ရဖို့ တန်းစီနေသူတွေ များလွန်းတာကြောင့် ညအိပ်စောင့်ဆိုင်းနေရတယ်လို့ တန်းစီစောင့်ဆိုင်းနေသူတွေက ပြောပါတယ်။

အမျိုးသားတဦးက “လူတွေလည်း အရမ်းများတယ်။ တချို့ဆို ၂ ည ၃ ည စောင့်ကြတယ်။ မနက်ကျတော့ ဝင်လို့မရဘူး။ ၂ ရက် ၃ ရက်အထိ ဝင်မရတာတွေ လက်တွေ့တွေပဲ အဲဒီမှာ” လို့ ပြောပါတယ်။

တရုတ်ဘက်ဝင်ခွင့် တခါသုံးကတ်ရဖို့ နန်းတော်ပေါက်မှာလည်း တန်းစီစောင့်ဆိုင်းသူ‌တွေ ရာချီရှိပြီး ညအိပ်စောင့်ကြသလို ဆင်ဖြူပေါက်မှာလည်း တန်းစီစောင့်ဆိုင်းသူတွေ ထောင်ချီရှိနိုင်ပြီး အဲဒီမှာလည်း ညအိပ်စောင့်ကြရကြောင်း၊ လူများလွန်းလို့ မူးလဲသူ၊ ဆေးရုံပို့ရသူတွေတောင် ရှိတယ်လို့ ဆိုပါတယ်။

ညအိပ်စောင့်ရတဲ့အပြင် နေပူလိုက်၊ မိုးရွာလိုက်ဆိုတော့ မခံနိုင်တော့ဘဲ စက်တင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က အမျိုးသားတဦး မူးလဲ ဒဏ်ရာရကာ ဆေးရုံပို့ဆောင်ပေးရတယ်လို့ ပရဟိတအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

မာရှယ်လောလွတ်အောင် မနက် ၄ နာရီသွားပြီး တန်းစီတာ မရလို့ ညထပ်အိပ် စောင့်တာလည်း မဝင်ရဘဲ ပြန်ခဲ့ရတယ်လို့ မိန်းကလေးတဦးက ပြောပါတယ်။

“ည ၂ နာရီတောင် ထိုးနေပြီ။ ထမင်းလည်း မစားရသေးဘူး။” 

နယ်ဝေးကလာတဲ့လူတွေ စရိတ်ထောင်းပြီး ပိုဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်။

တချို့တွေက လူမဝင်ဘဲနဲ့ တန်းစီ နေရာဦးပြီး နေရာပြန်ရောင်းတာတွေရှိကာ တနေရာကို တရုတ်ငွေ ယွမ် ၂၀၀ (မြန်မာငွေ ၉ သောင်းကျော်) အထိ ပေါက်ဈေးရှိနေတယ်လို့ တန်းစီနေသူတွေက ပြောပါတယ်။

တခါသုံးကတ်ရဖို့ တန်းစီသူတွေ များလွန်းတာကြောင့် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ တနိုင်တပိုင် ကုန်သယ်တဲ့လူတွေ‌ အရင်က တရက် ၂ ခေါက် ရပေမဲ့ လက်ရှိမှာတော့ တခေါက်တောင် မနည်းဝင်ထွက်ရတာကြောင့် တော်တော် အခက်အခဲ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

လက်ရှိ တခါသုံးကတ်ကို ဆင်ဖြူ၊ နန်းတော်၊ မန့်ဝိန်းဂိတ်တွေမှာ ထုတ်ပေးနေပြီး မန့်ဝိန်းဂိတ်ကနေတော့ ၆ ဘီးကားသမားတွေကိုသာ ထုတ်ပေးလို့ လူသိပ်မရှိတာ တွေ့ရပါတယ်။

ကိုဗစ်ကြောင့် ၂၀၂၀ မတ်လကုန်ကစပြီး နှစ်နိုင်ငံ လူဝင်လူထွက် အကန့်အသတ်မရှိ ပိတ်ခဲ့ကာ အခု ၂၀၂၃ နှစ်ဆန်းပိုင်းက တရုတ်နဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသခံတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ ဝင်ထွက်ခွင့်ပြုခဲ့ပြီး စက်တင်ဘာ ၄ ရက် မွန်းတည့် ၁၂ နာရီမှာ မြန်မာနိုင်ငံသား မှတ်ပုံတင်ရှိသူတွေကို ၆ ညအိပ် ၇ ရက် လည်ပတ်ခွင့် တခါသုံးကတ်နဲ့ ပြန်လည်ဝင်ထွက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024