Home
ဆောင်းပါး
ဖန်ခွက်ကိုတော့ မခွဲကြပါနဲ့
DVB
·
September 8, 2023

သိပ်ကြီးကြီးမားမားတော့ မဟုတ်ပေမဲ့ အရေးကြီးတဲ့ အချက်နှစ်ချက်လောက်နဲ့ သတိပေးချင်ပါတယ်။

ဘယ်သူကမှ စိတ်ပျက်အားငယ်စရာ၊ စိတ်ဓာတ်ကျ အရှုံးပေးချင်စရာ သတင်းတွေဖြန့်ပြီး စစ်ပွဲဖြစ်ဖြစ် တော်လှန်ရေးဖြစ်ဖြစ် မနိုင်ဘူး။

ဟုတ်ပါတယ်။ ကျနော်တို့ လုပ်သမျှလုပ်ငန်းတွေ စီမံသမျှ စီမံကိန်းတွေက စနစ်တကျ ဆန်းစစ် လေ့လာထားတဲ့ လက်တွေ့ကျတဲ့ အခြေအနေတွေပေါ်မှာပဲ အခြေခံရပါမယ်။ ပြီးတော့ ကိုယ်တိုင်ရဲ့ အားနည်းချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် အားနည်းစေမယ့် အချက်တွေကို ထက်ထက်မြက်မြက် မြင်တတ် သတိပြုတတ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ငါတို့ စည်တီး​ပြီဆိုမှတော့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ အသံထွက်အောင်တော့ တီးဖို့လိုပါတယ်။

ကယ်တင်ရှင်ကို စောင့်နေတဲ့ ဘယ်သူကမှ စစ်ပွဲဖြစ်ဖြစ် တော်လှန်ရေးဖြစ်ဖြစ် မနိုင်ဘူး။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ်။ ဆုံးဖြတ်ချက်တွေချဖို့ နိုင်ငံရေးသတ္တိမရှိတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဆွဲမချသင့်ဘူး။

ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ သတ္တိမရှိရင် သတ္တိရှိရှိ ချရဲတဲ့လူတွေကို သမိုင်းဝင် ဆုံးဖြတ်ချက်ချပြီး ဦးဆောင်နိုင်ဖို့ မီးရှူးကမ်း (လုပ်ပိုင်ခွင့်) ပေးလိုက်ပါ။ တော်လှန်ရေးနဲ့ စစ်ပွဲကို ဘယ်ဂိတ်စောင့်ကမှ အထောက်အကူမပြုဘူး။

တော်လှန်ရေးနဲ့ စစ်ပွဲကို ဆုံးဖြတ်ချက်ပြတ်သားပြီး ရှေ့ဆောင်လမ်းပြလုပ်နိုင်တဲ့ ခေါင်းဆောင်တွေ၊ ပြီးတော့ လူတွေယုံချင်စရာကောင်းပြီး စိတ်ဓာတ်နိုးကြား တက်ကြွလာအောင် လှုံ့ဆော်ပေးတဲ့ နိုင်ငံရေးလမ်းကို ဖန်တီးနိုင်တဲ့လူတွေကပဲ အနိုင်ရကြတယ်။

သေးငယ်သော်လည်း အရေးကြီးသည့် သတိပေးချက်တခု ရှိပါသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရုန်းကန်တိုက်ပွဲဝင် သူရဲကောင်းများကြားမှ ထက်သန်တက်ကြွသော အတွင်းစည်း ဆွေးနွေးမှုများ၊ စိတ်ပျက်ပြားသည့် စကားသံများကို ကျနော် သေသေချာချာ နားထောင်ပါသည်။ နားလည်မှု၊ ဆင်ခြင်တွေးဆမှုဖြင့် နားထောင်ခြင်း ဖြစ်ပါသည်။ ယူနီဖောင်းဝတ်ထားသည့် ဂျီနိုဆိုက်လူသတ်ဂိုဏ်း လူမိုက်ဂိုဏ်း စစ်တပ်ကို ပြည်သူများ၏ တခဲနက် အုံကြွဆန့်ကျင်မှု၊ တော်လှန်တိုက်ပွဲဝင်မှုများဖြင့် ၂ နှစ်ခွဲကျော်ကြာ တွန်းလှန်ခဲ့ကြသည့်အခါ စစ်တပ်နှင့် စစ်အာဏာရှင်တို့၏ အင်အားသည် အလွန်အမင်း ကျုံ့ဝင်သွားပြီ ဖြစ်ပါသည်။ အလွန်ယိုယွင်းသည့် လက်ရှိအခြေအနေမှသည် ပြိုကွဲသည့်အခြေသို့ ရောက်နိုင်ပါသည်။ တချိန်တည်းတွင် သူတို့သည် ဆယ်စုနှစ်များစွာ တည်ဆောက်လာသော ခံကတုတ်များထဲမှနေ၍ ရနိုင်သမျှ အရင်းအမြစ်များကို ညှစ်ထုတ်ရယူကာ အထိုင်ချထားကြပါသည်။ ပတ်ဝန်းကျင် မြင်မြင်ရာကို ရမ်းသန်းဖျက်ဆီး ဖိနှိပ်ရင်း စစ်တပ်က အခြားသူများထက် ပို၍ ကြာကြာရပ်တည်နိုင်မည် ဖြစ်သောကြောင့် အဆုံးတွင် အောင်ပွဲခံမည်ဟု မျှော်လင့်နေပါသည်။

အများပြည်သူတို့၏ တခဲနက် အုံကြွဆန့်ကျင်မှု၊ တော်လှန်ရေးနှင့် လွတ်မြောက်ရေး အင်အားစုအသီးသီး၏ လက်တွဲမှု၊ ဒီမိုကရေစီအင်အားစုများနှင့် လူမျိုးစုအရေးအင်အားစုများ ချိတ်ဆက်လက်တွဲမှုတို့ကြောင့် လူထုတော်လှန်ရေး အင်အားစုများ အရေးနိမ့်မသွားဘဲ စစ်တပ်နှင့် စစ်အာဏာရှင်များကို ထိရောက်အောင်မြင်စွာ ပြန်၍တွန်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ (အဆုံးသတ် အနိုင်ရသည့် အဆင့်အထိတော့ မရောက်သေးပါ။)

ကျနော်တို့တွင် တည်ဆဲမဟာမိတ်ဖြစ်တည်မှု ရှိပါသည်။ သို့မဟုတ်ပါက အတော်ကြာကြာကပင် လူထုတော်လှန်ရေး အရေးနိမ့်သွားခဲ့ပြီး ဖြစ်ပါလိမ့်မည်။ တချိန်တည်းတွင် ကျနော်တို့အားလုံး သိမြင်နားလည်နေကြသည့်အတိုင်း မဟာမိတ် ဖြစ်တည်မှုသည် ရေတဝက်နှင့်ဖန်ခွက်သာ ဖြစ်နေပါသည်။ ရေအပြည့်နှင့်ဖန်ခွက်သာ ဖြစ်ခဲ့ပါက စစ်အာဏာရှင်ကို အချိန်တိုတိုအတွင်း အနိုင်ရပြီး ဖြစ်ပါလိမ့်မည်။ ရေအပြည့်နှင့်ဖန်ခွက် (မဟာမိတ်ဖြစ်တည်မှု အပြည့်အဝ) မဖြစ်လာသည့်အတွက် ကျနော်တို့ စိတ်ပျက်ကြ၊ ငြင်းခုံကြ၊ အပြစ်တင်ကြသည်။ ပြုပြင်စရာ ပြောင်းလဲစရာများအတွက် ဆွေးနွေးငြင်းခုံ သုံးသပ်မှုများ လိုအပ်ပါသည်။

သို့ရာတွင် သတိတော့ထားကြစေချင်ပါသည်။ ရေအပြည့်ဖန့်ခွက် မဖြစ်သည့်အတွက် စိတ်ပျက်ဒေါသနှင့် ဖန်ခွက်ကိုတော့ ခွဲမပစ်ကြပါနှင့်။ ဖန်ခွက်ကွဲသည့်အတွက် ရှိထားသည့် တဝက်လည်း ဆုံးမည့်အပြင် ဖန်ခွက်အပြည့်ဖြစ်နိုင်သည့် အလားအလာကိုလည်း ဆုံးရှုံးရပါလိမ့်မည်။ ဖန်ခွက်တဝက်မှနေ၍ ပို၍ပြည့်လာအောင်၊ ဖန်ခွက်အပြည့်နီးပါး ဖြစ်အောင် ဆွေးနွေးအားထုတ်ကြပါစို့။

ဖန်ခွက်ကိုတော့ မခွဲကြပါနှင့်။ ထိုလုပ်ရပ်သည် အဖြေမဟုတ်ပါ။

အီဂေါဗလာဇီဗစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024