Home
မြန်မာသတင်း
ပြည်သူ့အာဏာကို ပြည်သူမလိုလားသည့် မင်းအောင်လှိုင် ဘယ်တော့မှရမည် မဟုတ်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြော
DVB
·
September 7, 2023

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပြည်သူ့အာဏာကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ကျရောက်တဲ့ ပြည်သူခုခံတော်လှန်စစ် ကြေညာခြင်း ၂ နှစ်ပြည့် မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်က စတင်ကြေညာခဲ့အပြီး အခု ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက် ၂ နှစ်ပြည့်မိန့်ခွန်းမှာ ဒူဝါလရှီးလက ထည့်သွင်းပြောဆိုသွားတာပါ။

“မင်းအောင်လှိုင်နဲ့တကွ အပေါင်းပါ အကြမ်းဖက်စစ်အုပ်စုကို ပြောလိုတာက ပြည်သူတွေ ကျွေးတာကိုစား၊ ပြည်သူ့ဘဏ္ဍာသုံးပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပါ။ မင်းအောင်လှိုင်နဲ့ အပေါင်းပါ လူတစုရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက် ဖျက်ဆီးနေကြတဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အဖြစ်မခံဘဲ အခြေအနေမှန်ကို လက်တွေ့ကျကျရှုမြင်ကာ အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကြပါ။ ပြည်သူ့ထံမှာ အလင်းဝင်ပြီးတော့ အမှန်တရားဘက်မှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ကြပါ။ တိုင်းပြည်ရဲ့အာဏာဟာ ပြည်သူထံကသာ ဆင်းသက်တာဖြစ်ပါတယ်။ ပြည်သူ့အာဏာကို ပြည်သူမလိုလားတဲ့ မင်းအောင်လှိုင် ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။”

ဒီ ၂ နှစ်တာကာလအတွင်း  စစ်အာဏာရှင်ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ မဟာဗျူဟာကျကျ တပ်ရင်းတပ်ဖွဲ့တွေကို ဖွဲ့စည်းထားနိုင်ပြီး တပ်ရင်းပေါင်း ၃၀၀ ကျော်ကို ဖွဲ့စည်းထားနိုင်ခဲ့ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။

တုတ်၊ ဓား၊ တူမီး ရရာလက်နက်ကိုင်စွဲပြီး မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း အစပြုခဲ့တဲ့ တော်လှန်ရေးဟာ ၂ နှစ်ကျော်ကာလအတွင်းမှာ တပ်ရင်းပေါင်းများစွာကို လက်နက်တွေ တပ်ဆင်လာနိုင်ပါပြီ။ နယ်မြေစိုးမိုးမှုများစွာ ချဲ့ထွင်လာနိုင်ပါပြီလို့လည်း ပြောကြားခဲ့ပါတယ်။

“ကိုယ့်ဒေသ ကျေးရွာ ကာကွယ်ရေးအတွက် လက်လုပ်တူမီးသေနတ်များဖြင့် စတင်ခဲ့ပေမဲ့ အခုချိန်မှာတော့ မဟာဗျူဟာကျကျ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ မောင်းပြန်သေနတ်ကိုင်ပြီး အကြမ်းဖက်စစ်တပ်ကို တွန်းလှန် တိုက်လာလာနိုင်ပြီ ဖြစ်ပါတယ်။ ထို့အတူ Generation Z လို့ခေါ်တဲ့ လူငယ်များ၊ နည်းပညာရှင်များရဲ့ ဆန်းစစ် တီထွင်မှုတွေကြောင့် နည်းပညာမြင့် ဒရုန်းတွေကို အသုံးပြုပြီး အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနေနိုင်ပြီ ဖြစ်ပါတယ်။ စစ်သင်တန်း ၃ ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားနိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ်အင်အားစုတွေနဲ့အတူ လက်တွဲကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိပါတယ်။”

လက်နက်ခဲယမ်းတွေ ကိုယ်တိုင်ထုတ်လာနိုင်ပြီး ဒါက အရေးပါတဲ့ အခန်းကဏ္ဍဖြစ်ပြီး စစ်ရေးအရ အောင်မြင်မှုတွေ တစထက်တစ ပိုမိုရရှိလာနေကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ပြည်သူကပေးအပ်တဲ့ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်နေတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့လည်း လူထုကိုအလေးထား မျက်နှာမူပြီး လူထုအသံကို အမြဲမပြတ် နားထောင်နေဖို့နဲ့ ပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ အုပ်ချုပ်မှုယန္တရားကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်းထားပါတယ်။

“ကျနော်တို့ဟာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရတဲ့ ပြည်သူ့ဝန်ထမ်းများဖြစ်တယ် ဆိုတာကို အမြဲသတိချပ်ပြီး ပြည်သူတွေအပေါ် ဝန်ပြည့်၊ ဝန်လေးစေမယ့် လုပ်ရပ်တွေ မလုပ်မိဖို့၊ ပြည်သူလူထုကို ထိခိုက်နစ်နာအောင် မလုပ်ကြဖို့ ကျနော် အထူးတိုက်တွန်းလိုပါတယ်။”

ဒါ့ပြင် ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း စစ်ရေးမှာ စနစ်တကျ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of command) ရှိဖို့ဟာ အသက်တမျှ အရေးကြီးတဲ့အတွက် စစ်မြေပြင်မှာ စစ်ဘက်ဆိုင်ရာကျင့်ဝတ် စစ်စည်းကမ်းတွေကို အမြဲလိုက်နာဖို့လည်း သတိပေးထားပါတယ်။

“စစ်ကောင်စီကို အဆုံးသတ် တိုက်ထုတ်ဖို့ရာ ကျနော်တို့အနေနဲ့ စုစည်းညီညွတ်မှု ရှိဖို့လိုသလို  စစ်ရေးမှာ စနစ်တကျ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of command) ရှိဖို့ဟာ အသက်တမျှ အရေးကြီးပါတယ်။ ဒါကြောင့် Chain of command တခုတည်းအောက်မှာ အားလုံး စုစည်းညီညွတ်စွာ တော်လှန်ရေး အောင်ပွဲပန်းတိုင်ကို အရယူကြဖို့ ကျနော် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးရဲဘော်များအနေနဲ့ စစ်မြေပြင်မှာ စစ်ဘက်ဆိုင်ရာကျင့်ဝတ် စစ်စည်းကမ်းများ Code of  Conduct ကို အမြဲလိုက်နာ စောင့်ထိန်းကြဖို့ ထပ်မံ အလေးထား သတိပေးလိုပါတယ်။”

ဒါ့အပြင် တော်လှန်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသူတွေ အနေနဲ့လည်း စစ်အာဏာရှင်ကို ဆန့်ကျင်နေလျက် စစ်အာဏာရှင် အမူအကျင့်၊ အတွေးအခေါ်နဲ့ လုပ်ရပ်ကို မလုပ်မိဖို့လည်း သတိပေးထားပါတယ်။

“ကျနော့်အနေနဲ့ အထူးသတိပေးလိုတာက စစ်အာဏာရှင်ကို ဆန့်ကျင်နေပါလျက်နဲ့ ကျနော်တို့ ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေးအခေါ်များနဲ့ လုပ်ရပ်တွေကို  မလုပ်ဆောင်မိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလို စစ်အာဏာရှင်ရဲ့ အမူအကျင့်တွေ၊ အတွေးအခေါ်တွေ ရှိလာရင်လည်း ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဆက်လက်လျှောက်လှမ်းရမယ့် တော်လှန်ရေးလမ်းခရီးမှာ ခက်ခဲကြမ်းတမ်းမှုတွေ၊ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ကြုံတွေ့ ရနိုင်ပါတယ်။ ဒါတွေကို ပြည်သူလူထုအား၊ တော်လှန်ရေးအင်အားစုတွေရဲ့ အားနဲ့ မြဲမြံခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့ ကျော်ဖြတ်ပြီး မျှော်ရည်ထားတဲ့ ပန်းတိုင်ဆီ အရောက်သွားကြရမှာ ဖြစ်ပါတယ်။”

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်အုပ်စုရဲ့ အင်မတန်မိုက်မဲတဲ့ ဆင်ခြင်မဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ဒီအခြေအနေ အမြန်ဆုံး လွတ်‌မြောက်နိုင်ဖို့လည်း အန်ယူဂျီအနေနဲ့ အစွမ်းကုန် ကြိုးစားနေကြောင်း အန်ယူဂျီ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။

နွေဦးတော်လှန်ရေးကာလ ၂ နှစ်ခွဲကျော်ရှိလာတာနဲ့ အမျှ စစ်ကောင်စီဘက်မှာ သောင်းနဲ့ချီပြီး သေဆုံးမှုတွေရှိနေသလို ပြည်သူတွေဘက်မှာလည်း ဖမ်းဆီးသတ်ဖြတ်ခံရ၊ ရွာတွေမီးရှို့ခံရပြီး စားဝတ်နေရေး ကျပ်တည်းဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ 

တဖက်မှာလည်း NUG အစိုးရရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ ဝန်ကြီးတချို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပြည်သူတွေအကြား ဝေဖန် မေးခွန်းထုတ်မှုတွေနဲ့ လည်း ရင်ဆိုင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024