Home
နိုင်ငံတကာ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ယူကရိန်းမြို့တော်ကို သွားရောက်
DVB
·
September 7, 2023

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ စက်တင်ဘာ ၆ ရက်က ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရောက်ရှိလာပြီး ၄ လတာကာလအတွင်း အောင်ပွဲတွေ အနည်းငယ်လောက် ရလာခဲ့တဲ့ ရုရှားတပ်တွေအပေါ် ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ဝန်ကြီး ဘလင်ကန်က “တန်ပြန်ထိုးစစ်မှာ ကောင်းမွန်တဲ့တိုးတက်မှုကို မြင်တွေ့ခဲ့ရပြီး ဒါဟာ အရမ်းအားတက်စရာ ကောင်းကြောင်း၊ တန်ပြန်ထိုးစစ်မှာ အောင်မြင်ရုံသာမက ယူကရိန်းမှာ ခိုင်ခံ့တဲ့ အဟန့်အတားတွေ၊ ခံစစ်အားကောင်းတဲ့ ခံစစ်စွမ်းရည်ရှိဖို့ ရေရှည်အတွက် လိုအပ်နေတဲ့ အရာတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

ခိုင်မာတဲ့ စီးပွားရေး၊ ခိုင်မာတဲ့ ဒီမိုကရေစီကို တည်ဆောက်ပြီးတော့ ပြန်လည်ထူထောင် တည်ဆောက်ကြရာမှာ လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ ဆက်လက်လုပ်ဆောင်သွားဖို့လည်း စိတ်ပိုင်းဖြတ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ယူကရိန်းဟာ ပြန်လည်ရှင်သန်လာရုံသာမက အနာဂတ်မှာလည်း ယူကရိန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ မိတ်ဘက်ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

ဘလင်ကန်ဟာ သူ့ရဲ့ ၂ ရက်ကြာ ခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ အမေရိကန်အကူအညီ အစီအစဉ်အသစ်ကို ကြေညာဖွယ်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ခရီးစဉ်မှာပါလာတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဘလင်ကန်ဟာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလေဘာနဲ့ တွေ့ဆုံပြီးနောက် သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ကိယက်ဗ်ခရီးစဉ်ဟာ ယူကရိန်းစစ်ပွဲကို နောက်ဆုံး ယူကရိန်း ၁ ယောက် ကျန်တဲ့အထိ ဆက်ပြီး ထောက်ပံ့သွားဖို့ ဝါရှင်တန်က စီစဉ်ထားတယ်ဆိုတာ ထင်ရှားနေကြောင်း ကရင်မလင်နန်းတော်က စက်တင်ဘာ ၆ ရက်မှာ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

အမေရိကန်က ကိယက်ဗ်ကို လိုအပ်သရွေ့ ကူညီပေးဖို့ ရည်ရွယ်တယ်လို့ ထပ်ခါတလဲလဲ ပြောဆိုမှုတွေ ကြားသိခဲ့ရပြီး အမှန်အတိုင်းပြောရရင် ဒါက မော်စကိုရဲ့ “အထူးစစ်ဆင်ရေး” ကို ထိခိုက်မှာလည်း မဟုတ်ဘူးလို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကို့ဗ်က ပြောသွားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024