ချင်းပြည်နယ်၊ ဇိုတုန်ဖက်ဒရယ်ကောင်စီ လက်အောက်မှာရှိတဲ့ ဇိုတုန်ဒေသမှာ လမ်းပျက်စီးသွားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ်လကုန်ပိုင်းကတည်းက ချင်းပြည်နယ်မှာ မိုးအဆက်မပြတ်ရွာနေပြီး ဇိုတုန်နယ်က လမ်းအတော်များများ ပျက်စီးခဲ့ပါတယ်။
စက်တင်ဘာ ၆ ရက်မှာတော့ မြေပြိုပြီး လမ်းတွေ လုံးဝပိတ်ဆို့သွားတဲ့အတွက် ကားတွေသွားလာလို့မရဘဲ ကုန်စီးဆင်းမှုတွေ ရပ်တန့်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇိုတုန်နယ်ရဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ဂန့်ဂေါ-အိုက်ကားလမ်းပိုင်း ပျက်စီးခဲ့ပြီး ဟားခါး-မတူပီလမ်းရဲ့ နေရာတချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဇိုတုန်ဖက်ဒရယ်ကောင်စီ တာဝန်ရှိသူက “မိုးမရွာခင်ကတက်လာတဲ့ ကားတွေလည်း လမ်းမှာ အခုထိ ပိတ်မိနေတုန်းပဲ။ လမ်းက ဘယ်နှရက်အထိ ပိတ်နိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီး ကုန်စျေးနှုန်းတွေလည်း တက်လာနိုင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဇိုတုန်နယ်ဟာ ကားတွေမသွားလာနိုင်ရင် ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီးတော့ ကုန်စျေးနှုန်းတွေ တက်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။