Home
မြန်မာသတင်း
ကင်ဆာရောဂါသည် မြန်မာအမျိုးသမီးထံမှ ထိုင်းရဲဆိုသူများက ဘတ်ငွေ ၁၄ သိန်း ယူသွား
DVB
·
September 6, 2023

ထိုင်းနိုင်ငံ၊ စမွတ်စခွန်းခရိုင်၊ စမွတ်စခွန်းမြို့ရှိ မြန်မာအမျိုးသမီးတယောက်နေထိုင်တဲ့ တိုက်ခန်းထဲကို ထိုင်းရဲလို့ဆိုသူတွေ လာရောက်ဝင်ရောက်မွှေနှောက်ပြီး ဘတ်ငွေ ၁ သန်း ၄ သိန်း ၊ လက်တော့ပ်ကွန်ပျူတာနဲ့ ဖုန်းတွေ သိမ်းယူသွားတယ်လို့  Channel 7 ထိုင်းသတင်းက စက်တင်ဘာ ၂ ရက်နေ့မှာ ဖော်ပြပါတယ်။ 

လွန်ခဲ့တဲ့ ၂ လ (ဇူလိုင် ၉ ရက်) နေ့က အဆိုပါအမျိုးသမီးရဲ့ အခန်းထဲကို ရဲတွေ ဝင်ရောက်လာပြီး လောင်းကစားမှုတွေ လာဖမ်းကြောင်း၊ အစမှာ အခန်းမှားဝင်လာတာလို့ ပြောပြီး ပြန်ထွက်သွားကာ ခဏအကြာမှာ နောက်တခေါက် ပြန်ဝင်လာကြောင်း၊ သူမဟာ လူကုန်ကူးမှုနဲ့ ပတ်သက်နေတယ်လို့ ပြောပြီး အခန်းထဲ ဝင်ရောက်မွှေနှောက်ရှာဖွေကာ ငွေသား ဘတ် ၁ သန်း ၄ သိန်း ၊ လက် တော့ပ်ကွန်ပြူတာနဲ့  လက်ကိုင်ဖုန်းတွေ သိမ်းယူသွားတယ်လို့  ဆိုပါတယ်။ 

သူဟာ လူကုန်ကူးမှုလည်း ပတ်သက်ခြင်းမရှိ၊ အဲဒီငွေတွေဟာလည်း ကင်ဆာရောဂါ ကုသဖို့အတွက် မြေကွက်တွေ ရောင်းချထားတဲ့ငွေတွေ ဖြစ်ကြောင်း၊ ရဲက ငွေနဲ့ပစ္စည်းတွေ သိမ်းယူပြီး အမှုအတွက် ခေါ်ယူစစ်ဆေးတာလည်း မရှိတာကြောင့် ငွေတွေပြန်ရဖို့ မွန်လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုကို အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆယာမ်မြေကျေးဇူးသိတတ်သောမွန်မျိုးနွယ်စုများအဖွဲ့မှ နိုင်းဖနာ့သ်တမ် ဖထိပ်က  သူတို့အနေနဲ့ စမွတ်စခွန်းနယ်မြေရဲတပ်ဖွဲ့ကို သွားရောက်စုံစမ်းမေးမြန်းရာမှာ ရဲစခန်းက အဆိုပါအမျိုးသမီးဟာ လူကုန်ကူးမှုနဲ့ပတ်သက်ကြောင်း တိုင်ကြားချက်ရလို့ သွားရောက်စစ်ဆေး သိမ်းဆည်းခဲ့ပြီး အမှုကို လာဘ်စားမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ကို ဆက်လက်တင်ပြထားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အမှုဖွင့်တိုင်ချက်အမှတ်လည်း မရှိ၊ စုံစမ်းစစ်ဆေးရေးတွေရဲ့ အမည်ကိုလည်း ပြောမပြတာကြောင့် တိုင်းအဆင့်မတရားမှုနဲ့ လာဘ်စားမှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ ( Anti-Corruption Division Police ) ကိုရော ထိုင်းအမျိုးသားရဲချုပ် စူရချေ့ဟတ်ဖန်းဆီကိုပါ တိုင်ကြားထားပေမဲ့ အမှုတိုးတက်မှုမရှိဘဲ နှောင့်နှေးကြန့်ကြာနေတယ်လို့  နိုင်းဖနာ့သ်က ထိုင်းသတင်းမှာ ပြောသွားပါတယ်။

အဆိုပါမြန်မာအမျိုးသမီးဟာ ရင်သားကင်ဆာ အဆင့် ၃ ရောဂါဝေဒနာ ခံစားနေရသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024