ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းတွေ၊ ပြည်သူလူထုနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတဲ့အပြင် စာသင်ကျောင်းတွေကိုပါ ယာယီပိတ်ထားရတယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၅ ရက် မနေ့က မနက် ၈ နာရီ မိနစ် ၅၀ လောက်မှာ လော်မူသော ကျေးရွာအတွင်းနဲ့ ဘုရားလေးကုန်း ဘုန်းကြီးကျောင်းအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၁ လုံး ပျက်စီးကာ ဘုန်းကြီးကျောင်းတကျောင်း အနည်းငယ် ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ ၇၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်ခဲ့ရကာ စာသင်ကျောင်း ၂ ကျောင်းလည်း ယာယီပိတ်ထားခဲ့ရပါတယ်။
ယာယီပိတ်ထားရတဲ့ လော်မူပယ်မူလတန်းကျောင်းမှာ ကျောင်းသား ၃၃ ယောက် တက်ရောက်ပညာသင်ယူနေကြတာဖြစ်ပြီးတော့ လော်မူသော အထက်တန်းကျောင်းမှာတော့ ကျောင်းသား ၂၇၂ ယောက် ပညာသင်ယူနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင် ပြည်သူတွေဟာ တောတောင်တွေအတွင်း ခက်ခဲစွာ ရှင်သန်နေထိုင်နေကြရပြီး အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလည်း များစွာလိုအပ်နေတယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့မှာ လူပေါင်း ၅၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီး အများအပြားမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ထပ်မံဖြစ်ပေါ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ဆက်လက်မြင့် တက်နေတယ်လို့ ဆိုပါတယ်။
အချိန်နဲ့အမျှပြောင်းလဲနေတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပဋိပက္ခဒဏ်သင့်တဲ့ ဒေသခံတွေရဲ့ ရွှေ့ပြောင်းသွားလာရတာတွေဟာ အတည်တကျရှိမနေသလို တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းက စတင်ခဲ့တဲ့ မုတ်သုံမိုးကြီးမှုနဲ့ ရေကြီးရေလျှံတာတွေကြောင့် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ လူပေါင်း ၈၀၀၀၀ လောက် ဘေးလွတ်ရာ နေရာတွေဆီ ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။