Home
မြန်မာသတင်း
ကန့်ဘလူခရိုင်၌ ဩဂုတ်လအတွင်း ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၂ ဦး အသက်ဆုံးရှုံး
DVB
·
September 6, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တို့မှာ ဩဂုတ်လ တလအတွင်း စစ်ဘေးရှောင် ပြည်သူ ၁၁ ဦးအထိ ကိုက်ခံရပြီး ၂ ဦး အသက် ဆုံးရှုံးခဲ့တယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ဆီက သိရပါတယ်။

အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ မြွေကိုက်ခံရပြီး အဲဒီအထဲမှာ အသက် မပြည့်သေးတဲ့ ၁၄ နှစ်အရွယ် ၃ ဦး ပါဝင်ကာ ကလေး ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မြွေကိုက်လူနာတွေကတော့ စစ်ရှောင်တွေ၊ လယ်ယာလုပ်ကိုင်သူတွေနဲ့ နွားကျောင်းသူတွေ ဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတဦးက ပြောပါတယ်။

"မြွေဆိုး အန္တရာယ် ကြိုတင် ကာကွယ်မှုတွေအနေနဲ့ ကျနော်တို့ စစ်ရှောင်စခန်းတွေမှာတော့ ပညာပေး ဟောပြောတာလေးတွေ အချိန်အနည်းငယ် လုပ်ပေးနိုင်တာမျိုးပဲ ရှိပါတယ်။ တကယ်တမ်း စစ်ရှောင်တွေနေတဲ့ နေရာတွေက တကွဲတပြားနဲ့ ဆိုတော့ အားလုံး ခြုံငုံမိအောင်တော့ မလုပ်နိုင်ကြပါဘူးခင်ဗျာ။ မြေပြင် လိုအပ်ချက် ဖြစ်တဲ့ ဆေးဝါး လှူဒါန်းပေးနိုင်တဲ့ ပမာဏ ကွာဟချက်များနေတာပေါ့ ခင်ဗျ။ နောက် အခက်အခဲတခု အနေနဲ့ ကန့်ဘလူခရိုင်ထဲမှာ ကျွမ်းကျင် ဆရာဝန်တွေ မလုံလောက်တဲ့ ပြဿနာတွေလည်း ရှိနေတယ်။"

မြွေဆိုးကိုက်ခံရတဲ့ ပြည်သူတွေဟာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ တိုက်နယ်မှ ၄ ဦး၊ ချပ်သင်းတိုက်နယ်မှ ၄ ဦးနဲ့ ကျွန်းလှမြို့နယ်မှ ၃ ဦး ဖြစ်ကြပြီး အဲဒီထဲက ချပ်သင်းတိုက်နယ်၊ ပင့်သာကြီးကျေးရွာက ထယ်ထိုးရင်း မြွေပွေးကိုက်ခံရတဲ့ မောင်ရန်လှိုင်ဝင်း (၂၆ နှစ်) ဟာ BPI မြွေဆိပ်ဖြေဆေး ၁၀ လုံးနဲ့ အိန္ဒိယ မြွေဆိပ်ဖြေဆေး ၁၂ လုံးထိ ထိုးပေးခဲ့ပေမဲ့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကြီး ကျေးရွာမှ မောင်ပိုင်ဘုန်းခန့် (၁၄ နှစ်) ဟာလည်း နွားကျောင်းသွားရင်း မြွေကိုက်ခံရပြီး အချိန်မီဆေးကုသခွင့် မရရှိခဲ့တာကြောင့် တောထဲမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးနေတဲ့ ကန့်ဘလူခရိုင်ဟာ  တိုက်နယ် ‌ေ ခု ရှိတဲ့အနက် တိုက်နယ် ၇ ခုမှ ကျေးရွာအတော်များများဟာ နီးစပ်ရာ တောတောင်ထဲ စစ်ဘေးရှောင်ကာ ဖြစ်သလို နေထိုင်ကြရတာကြောင့် မြွေဆိုး အန္တရာယ်နဲ့ ရင်ဆိုင် ကြုံတွေ့ရပြီး ဆေးကုသမှု အလွယ်တကူ မရရှိကြလို့ အသက် ဆုံးရှုံးမှုတွေလည်း မကြာခဏ ကြုံတွေ့ကြရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024