၂၀၂၂ ကမ္ဘာ့ဖလားမှာ မက်ဆီကမ္ဘာ့ဖလားရဖို့ အကွက်ဆင် လုပ်ဆောင်ပေးခဲ့ကြကြောင်း နယ်သာလန်နည်းပြ ဗန်ဟားလ်ရဲ့ စွပ်စွဲချက်ကို နောက်ခံလူဗန်ဒိုက်က လက်မခံဘဲ ပယ်ချသွားပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဗန်ဟားလ်ရဲ့ နယ်သာလန်အသင်းက အာဂျင်တီးနားကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
ဗန်ဟားလ်ဟာ ပြိုင်ပွဲအပြီးမှာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ နယ်သာလန်အသင်း ခေါင်းဆောင် ဗန်ဒိုက်ကတော့ လူတိုင်းမှာ သူ့အမြင် ကိုယ့်အမြင်ကို ပြောရေးဆိုခွင့် ရှိတာမှန်ပေမဲ့ သူကိုယ်တိုင်အပါအဝင် နယ်သာလန်ကစားသမားတွေဘက်ကတော့ နည်းပြဟောင်း ဗန်ဟားလ်ရဲ့ စွပ်စွဲချက်ကို ထောက်ခံအားပေးခြင်းမရှိခဲ့ဘူးလို့ ပြောပါတယ်။
နယ်သာလန်အသင်းဟာ အာဂျင်တီးနားနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ၂ ဂိုး ရှုံးနေရာကနေ ၂ ဂိုး ပြန်သွင်းခဲ့လို့ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ နယ်သာလန်နောက်ခံလူ ဒမ်ဖရိုင်းက အနီကတ်အပါအဝင် စုစုပေါင်း အဝါကတ် ၁၇ ကတ်အထိ အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။
Photo - Reuters