Home
မြန်မာသတင်း
အရာတော်ဒေသခံ ၃ ဦးကို ထောင်ဒဏ်တသက်တကျွန်းနှင့် အခြားပြစ်ဒဏ်များ ချမှတ်
DVB
·
September 5, 2023

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မန်ကျည်းစုကျေးရွာနေ ပြည်သူ ၃ ဦးကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မနခ) စစ်ခုံရုံးက ဩဂုတ် ၃၁ ရက်မှာ တသက်တကျွန်း အပါအဝင် ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

အရာတော်မြို့နယ်၊ မန်းကျည်းစုရွာမှ ကိုဇော်အောင် (၄၀ နှစ်)၊ ကိုသီဟဇော် (၂၀ နှစ်)၊ ကိုပြည့်စုံအောင် (၁၉ နှစ်) တို့ဟာ ရန်ကုန်ကို ကိုရီးယားဘာသာသင်တန်း သွားတက်ဖို့ မိုးကောင်းကင် ယာဉ်လိုင်းကားကို စောင့်ဆိုင်းရင်း စားသောက်ဆိုင်တခုမှာ ထိုင်နေချိန် ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်မနက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက “သုံးဦးလုံးက မန်ကျည်းစုကျေးရွာက ဖြစ်ပါတယ်။ ကိုဇော်အောင်က အရင်တုန်းကတော့ ပန်းထိမ် လုပ်ပါတယ်။ ကျန်လူငယ်နှစ်ဦးကတော့ ကျောင်းသားတွေပါ။ ခေတ်ကာလကြောင့် စီးပွားရေး ကျပ်တည်းလာတဲ့အပြင် လူငယ်ပိုင်းတွေ၊ အမျိုးသားတွေဆို စစ်ကောင်စီတပ်က အရပ်သား ပြည်သူတွေကို ထင်သလို ဖမ်းဆီးနှိပ်စက်လေ့ ရှိတဲ့အတွက် မြို့နယ်တွင်းမှာ မနေတော့ဘဲ ပြည်ပကို အလုပ်လုပ်ဖို့ တိုင်ပင်ပြီး သူတို့စီစဉ်ခဲ့ကြပါတယ်။ ရန်ကုန်ကို ကိုရီးယားသင်တန်း တက်ဖို့ အသွားမှာ အခုလို ဖမ်းဆီးခံလိုက်ရတာပါ။ အရာတော်မြို့နယ်မှာ ပထမဆုံး တသက်တကျွန်းထိ မတရားချမှတ်ခံရတာလည်း ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုဇော်အောင်ကို ပုဒ်မ ၅၀(ည)၊ ၅၁(ဂ)၊ ၅၂(က) တို့နဲ့ ထောင်ဒဏ် တသက်တကျွန်း၊ ကိုသီဟဇော်ကို ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၇ နှစ်၊ ကိုပြည့်စုံအောင်ကို ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၇ နှစ် အသီးသီး ချမှတ်လိုက်တာလို့ သိရပါတယ်။

အရာတော်မြို့နယ်ဟာ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်ထားတဲ့ မြို့နယ်တခုဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ခုံရုံးမှာပဲ ရုံးတင်စစ်ဆေးကာ အမိန့်တွေ ထင်သလိုချမှတ်ခဲ့တာ ဖြစ်တယ်လို့ အရာတော်ပို့စ်ကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ခုံရုံးက အရပ်သားပြည်သူတွေကို ဖမ်းဆီးအမိန့်ချခဲ့တာဟာ ၂၃၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်းကိုလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024