Home
မြန်မာသတင်း
မြန်မာအရေးဖြေရှင်းရန် ဘုံသဘောတူညီချက် ၅ ရပ်ကို လမ်းညွှန်အဖြစ် ဆက်ရှိမည်ဟု အင်ဒိုနီးရှားသမ္မတပြော
DVB
·
September 5, 2023

အာဆီယံက သဘောတူညီထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ ငြိမ်းချမ်းရေးအစီအစဉ်ဟာ မြန်မာနိုင်ငံ ပဋိပက္ခဖြေရှင်းရေး ချဉ်းကပ်မှုအတွက် လမ်းညွှန်ချက်အဖြစ် ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ အာဆီယံရဲ့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်ပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ ၄၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စက်တင်ဘာ ၅ ရက် ဒီကနေ့မနက်က မြန်မာနိုင်ငံမပါဝင်ဘဲ စတင်ဖွင့်လှစ် ကျင်းပရာမှာ  အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်က ဂျကာတာမှာ အာဆီယံခေါင်းဆောင်တွေအားလုံး သဘောတူညီခဲ့ကြတဲ့ မိသားစုအနေနဲ့ အာဆီယံရဲ့ စုပေါင်းအားထုတ်မှုဖြစ်တယ်လို့လည်း အာဆီယံဥက္ကဋ္ဌ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

“အင်ဒိုနီးရှားက စစ်အာဏာရှင်တွေကလွဲလို့ သက်ဆိုင်သူတွေကြား ယုံကြည်မှုကို ရှုမြင်ပါတယ်။ ဒီအချိန်ဟာ မြန်မာနိုင်ငံကပိုင်ဆိုင်ပြီး မြန်မာနိုင်ငံက ဦးဆောင်ခဲ့တဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အဓိကသော့ချက်အနေနဲ့ အာဆီယံအနေနဲ့ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်တွန်းအားပေးသင့်တဲ့အချိန် ဖြစ်ပါတယ်။”

အာဆီယံဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေ အပါအဝင် သူ့ရဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့် တားမြစ်ထားပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ ၂၀၂၆ ခုနှစ်မှာ မူလသတ်မှတ်ထားတဲ့အတိုင်း မြန်မာနိုင်ငံကို အာဆီယံအစုအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်မပေးဖို့ သဘောတူညီခဲ့ကြကြောင်း ဂျကာတာရှိ သတင်းရင်းမြစ်တခုနဲ့ ဒေသတွင်းရှိ တခြားသတင်းတရပ်အရ သိရပါတယ်။

မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံဟာ မူလစီစဉ်ထားတာထက် တနှစ်စောပြီး ၂၀၂၆ ခုနှစ်မှာ အိမ်ရှင်အဖြစ် တာဝန်ယူဖို့ အသင့်ရှိတယ်လို့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်းမှာ ပြောကြားခဲ့ပါတယ်။

Source-Reuters

Photo-ASEAN

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024