Home
မြန်မာသတင်း
မြစ်ကြီးနား-ဗန်းမော်လမ်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာ
DVB
·
September 5, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်မှာရှိတဲ့ နမ်ဆန်ယန်အနီး ဂျာပူကျေးရွာ တဝိုက်မှာ စက်တင်ဘာ ၄ ရက် မနက် ၈ နာရီဝန်းကျင်နဲ့ ညနေ ၄ နာရီဝန်းကျင်က တိုက်ပွဲ နှစ်ကြိမ် ပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ဒေသခံတဦးက “မနေ့မနက် ၈ နာရီနဲ့ ညနေပိုင်း ဂျာပူရွာမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်တာ ခါတိုင်းထက် ပိုပြင်းတယ်။ လက်နက်ကြီးကျတာ မြေကြီးဆို တုန်ခါနေတာပဲ” လို့  ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ ထိတွေ့မှုတွေရှိခဲ့ပြီး စစ်ရေးအရ တင်းမာနေပါတယ်။

လိုင်ဇာမြို့နဲ့ မိုင်အနည်းငယ်ပဲဝေးတဲ့ နမ်ဆန်ယန်ကျေးရွာကို ခြေကုပ်ရယူဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကတည်းက စစ်အင်အားများစွာ တိုးချဲ့တည်ဆောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နှစ်လကျော်ကြာမြင့်လာတဲ့အထိ အသာစီးရယူနိုင်မှုမရှိဘဲ အင်အားတိုးချဲ့ စေလွှတ်နေတာကြောင့် မန္တလေး-ဗန်းမော်လမ်းပိုင်း၊ မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းတွေဟာ ဒေသခံ ခရီးသွားလာရေးနဲ့ ကုန်သွယ်မှုပြုလုပ်ဖို့ ခက်ခဲလာပါတယ်။

ပြီးခဲ့တဲ့တပတ်အတွင်း နမ်ဆန်ယန်မှာ တိုက်ပွဲပေါင်း ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အပါအဝင် လေကြောင်းအသုံးပြုမှု သုံးကြိမ်နဲ့အထက် ရှိခဲ့ပါတယ်။

ဇူလိုင်လကနေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၈၀ ခန့် ကျဆုံးခဲ့တယ်လို့ ကေအိုင်အိုပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက KNG သတင်းဌာနကို ဖြေကြားပါတယ်။

အခုလို လချီပြီး ကြာမြင့်လာတဲ့ တိုက်ပွဲတွေအတွင်း ကုန်သွယ်ရေး၊ သွားလာရေး စတဲ့ အခက်အခဲတွေ ရှိနေတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024