Home
မြန်မာသတင်း
မြန်မာစစ်ဗိုလ်ချုပ်များအား ပြင်းပြင်းထန်ထန် အရေးယူရန် မလေးရှား တိုက်တွန်း
DVB
·
September 5, 2023

မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ်မှာ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ မလေးရှား နိုင်ငံက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအကြို  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအဗဒူလ်ခါဒီရာက သတင်းထောက်တွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“စစ်အာဏာရှင်အပေါ်မှာ ပြင်းထန်ပြီးထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဘဲနဲ့ ကျနော်တို့ ဒါကို ဆက်ပြီး ခွင့်ပြုလို့မရဘူးဆိုတာကို မလေးရှားနဲ့ တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သူတို့ရဲ့ အမြင်တွေကို ပြောဆိုခဲ့ကြတယ်”လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မလေးရှားနဲ့ အမြင်တူတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ဘယ်နိုင်ငံတွေလဲဆိုတာကိုတော့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာမရှိပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း မြန်မာစစ်အာဏာရှင်က အဟန့်အတားတွေ ဖန်တီးနေတာ ကြောင့် အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုမရှိဘူးလို့လည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောသွားပါတယ်။ 

ဂျာကာတာမြို့မှာ အာဆီယံထိပ်သီးအစည်းဝေးပွဲကို ဒီကနေ့မနက် စတင်ကျင်းပနေပြီး  မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကိစ္စ၊ တရုတ်မြေပုံသစ်ကိစ္စ၊ ဒေသတွင်း စီးပွားရေးကိစ္စ၊ နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စ စတာတွေဆွေးနွေးဖို့ ရှိနေပါတယ်။

ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာကတော့ လာမယ့် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို  မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူဖို့အသင့်ရှိတယ်လို့ ဒီနေ့မနက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောသွားပါတယ်။

ဒီအစည်းအဝေးကို မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့  ဖိတ်ကြားမခံရတဲ့အတွက် တက်ရောက်ခွင့်မရသလို ထိုင်းဝန်ကြီးချုပ်သစ် ဆေထာထဝီးဆင်က အစိုးရအဖွဲ့သစ် ကျမ်းကျိန်ဖို့ ရှိနေတဲအတွက် တက်ရောက်ခြင်းမရှိပါဘူး။

အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်၊ ဂျပန်၊ တရုတ် စတဲ့ ဆွေးနွေးဘက်နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့လည်း သီးခြားထိပ်သီးအစည်းအဝေးပွဲတွေ ကျင်းပပြီး  တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ 

ဒီအစည်းအဝေးကို အမေရိကန်သမ္မတ ဘိုင်ဒင်ကတော့ မတက်ရောက်ဘဲ ဒုသမ္မတ ကမ်မလာဟဲရစ် တက်ရောက်မှာဖြစ်သလို တရုတ်နိုင်ငံကလည်း သမ္မတ ရှီကျင်ပင်းအစား ဝန်ကြီးချုပ် လီချန်း တက်ရောက်မှာ ဖြစ်ပါတယ်။  

ဒီအစည်းအဝေးမကျင်းပခင် ရက်ပိုင်းကမှ တရုတ်နိုင်ငံက ထုတ်ပြန်လိုက်တဲ့ မြေပုံသစ်မှာ တောင်တရုတ်ပင်လယ်ပိုက်နက် တခုလုံးနီးပါးကို သူ့နိုင်ငံနယ်နိမိတ်အဖြစ် သတ်မှတ် ထည့်သွင်းထားတဲ့အတွက် ဗီယက်နမ်၊ မလေးရှားနဲ့ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေက အပြင်းအထန် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ 

PHOTO- ASEAN

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024