အာဖရိကတိုက်ဟာ ကျန်တဲ့ ကမ္ဘာ့အစိတ်အပိုင်းတွေထက် ပိုမြန်မြန် အပူရှိန်မြင့်တက်နေပြီး မိုးခေါင်တာလို ပြင်းထန်တဲ့ ရာသီဥတုနဲ့ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေကို ကြံ့ကြံ့ခံ ရပ်တည်နေတယ်လို့ စက်တင်ဘာ ၄ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ-အာဖရိကသမဂ္ဂ ပူးတွဲအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ပေးပို့တဲ့ အစီရင်ခံစာထဲမှာ အာဖရိကရဲ့ ပထမဆုံးသော ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဘဏ္ဍာငွေ အာရုံစိုက်ရမယ့် ကင်ညာနိုင်ငံမှာ မနှစ်က ပြင်းထန်တဲ့ ရာသီဥတုနဲ့ မိုးလေဝသဆိုင်ရာ အန္တရာယ်ပေါင်း ၈၀ ရဲ့ ဒဏ်ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
နှစ် ၄၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနဲ့ အယ်လ်ဂျီးရီးယား တောမီးတွေလို ကပ်ဘေးတွေကြောင့် လူပေါင်း ၅,၀၀၀ လောက် သေဆုံးပြီး စီးပွားရေး ထိခိုက်မှုတန်ဖိုး ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံကျော် ရှိခဲ့တယ်လို့ အရေးပေါ် သတင်းအချက်အလက် မှတ်တမ်းကို ကိုးကားပြီး အစီရင်ခံစာက ဖော်ပြထားပါတယ်။
အစီရင်ခံမှု ကွာဟချက်တွေကြောင့် အစစ်အမှန် ကိန်းဂဏန်းတွေက ပိုမိုမြင့်မားနိုင်တယ်လို့လည်း အစီရင်ခံစာက ဆိုထားပါတယ်။
၁၉၉၁-၂၀၂၂ ကာလက အာဖရိကတိုက်မှာ ဆယ်စုနှစ်တခုအတွင်း ပျမ်းမျှအပူချိန် မြင့်တက်နှုန်းက ၀ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ကမ္ဘာတခုလုံးမှာ အပူချိန်တိုးနှုန်းက ၀ ဒသမ ၂ ဒီဂရီရှိတာမို့ နှိုင်းယှဉ်ရင် မြောက်အာဖရိကမှာ အလျင်မြန်ဆုံး ဖြစ်ခဲ့ပါတယ်။ မနှစ်ကတည်းကလည်း အပူလှိုင်း အမြောက်အမြားကို ကြုံတွေ့ခဲ့ရပါတယ်။
ဒါကြောင့် သီးနှံထုတ်လုပ်မှု တန်ချိန် ၃၃ သန်း ဒါမှမဟုတ် ကျန်ခဲ့တဲ့ ငါးနှစ်တာကာလ ပျမ်းမျှထက် ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
အနောက်အာဖရိကလို တိုက်ကြီးရဲ့ တခြားအစိတ်အပိုင်းတွေမှာတော့ ထုတ်လုပ်မှု မြင့်တက်လာတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
Source/Photo-Reuters