ဂါဇာကမ်းမြောင်ဒေသမှာ ပြင်းထန်တဲ့အပူလှိုင်းကြောင့် ဂါဇာမြို့တော် အရှေ့တောင်ဘက်ရှိ အစ္စရေးနဲ့ ပိုင်းခြားထားတဲ့ ခြံစည်းရိုးအနီး စတုရန်းမီတာ ၅၀၀၀၀ လောက်ရှိတဲ့ ဂျူရ်အယ်လ်ဒိခ် အမှိုက်ပုံကြီးမှာ မီးလောင်ကျွမ်းနေပါတယ်။
သောကြာနေ့ မွန်းလွဲပိုင်းမှာ စတင်လောင်ကျွမ်းခဲ့တဲ့ အမှိုက်ပုံမီးဟာ အပူချိန်မြင့်တက်မှုနဲ့ လေပြင်းတိုက်ခတ်မှုတို့ကြောင့် အထူးသဖြင့် ညနေပိုင်းအချိန်တွေအတွင်း တဖြည်းဖြည်း မီးအရှိန် ပိုပြင်းထန်လာခဲ့ပြီး ဂါဇာအာဏာပိုင်တွေဟာ မီးငြှိမ်းသတ်ဖို့ အကူအညီ တောင်းခံခဲ့ကြပါတယ်။
အနံ့အသက်ဆိုးလှတဲ့ မီးခိုးငွေ့တွေဟာ ပိတ်ဆို့ထားတဲ့ အဝန်းအဝိုင်း နေရာအနှံ့ လွင့်ပျံ့နေတာကြောင့် ဆိုးရွားလှတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ခံစားနေရပြီဖြစ်ကြောင်း ပြောဆိုပါတယ်။
တတိယမြောက်နေ့မှာတော့ ဂါဇာကမ်းမြောင် စည်ပင်သာယာရေးအဖွဲ့၊ မြို့ပြကာကွယ်ရေးအဖွဲ့၊ အမှိုက်စွန့်ပစ်ရေး ပူးပေါင်းဝန်ဆောင်မှုကောင်စီ၊ ပြည်သူ့လုပ်ငန်းနဲ့ အိမ်ရာဝန်ကြီးဌာနတို့ဟာ ဂျူရယ်လ်ဒိခ် ဧရိယာရှိ ဂါဇာစီးတီးအရှေ့ဘက် အမှိုက်ပုံမှာ လောင်ကျွမ်းနေတဲ့မီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်လို့ စည်ပင်သာယာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဟော့စ်နီ အမ်ဟာနာက ပြောပါတယ်။
အမှိုက်ကို ပြန်လည်သန့်စင် အသုံးပြုတဲ့နည်းလမ်း မရှိခြင်းကြောင့် ပြဿနာဟာ တာရှည်ဖြစ်နေခဲ့ပြီး အမှိုက်ပုံကလည်း တနှစ်ထက်တနှစ် ပိုကြီးလာတယ်လို့ အမ်ဟာနာက ပြောဆိုပါတယ်။
“နေ့ရောညပါ ဆက်လုပ်နေပေမဲ့ ကံမကောင်းစွာနဲ့ပဲ အနည်းဆုံး ရက်သတ္တပတ်အကုန်အထိ မီးတွေ ဆက်လောင်ကျွမ်းနိုင်တယ်” လို့လည်း သူကဆိုပါတယ်။
လောလောဆယ်မှာ ဂါဇာကမ်းမြောင်မှာ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ရုပ်သိမ်းပေးပြီး ဖြတ်ကျော်ဂိတ်တွေကို ဖွင့်ပေးပြီးတော့ လိုအပ်တဲ့ စက်ယန္တရားတွေနဲ့အတူ ဂါဇာကမ်းမြောင်ကို ဝင်ရောက်ခွင့်ပြုပေးနိုင်အောင် အစ္စရေးကို ဖိအားပေးဖို့နဲ့ နိုင်ငံတကာအဖွဲ့တွေ၊ အာရပ်နဲ့ ဒေသခံအဖွဲ့အစည်းတွေကို စည်ပင်သာယာရေးအဖွဲ့က တောင်းဆိုပါကြောင်း အမ်ဟာနာက ပြောပါတယ်။
ဒါမှလည်း မီးကိုထိန်းချုပ်နိုင်မှာဖြစ်ပြီး ရှေ့မှာဖြစ်လာနိုင်တဲ့ ပြဿနာမှန်သမျှကို ကုစားပေးနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၀၇ ခုနှစ်က အစ္စလာမ္မစ် ဟားမတ်စ်အဖွဲ့ဟာ လူဦးရေထူထပ်တဲ့ ကမ်းမြောင်ဒေသကို သိမ်းပိုက်ထားပြီးနောက်ပိုင်း လုံခြုံရေးအရ စိုးရိမ်မှုကို အကြောင်းပြုပြီး အစ္စရေးနဲ့ အီဂျစ်တို့ဟာ ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားခဲ့ပြီး လူနဲ့ ကုန်စည်စီးဆင်းမှုကို ကန့်သတ်ထားခဲ့တာပါ။
ဒီကန့်သတ်ချက်တွေကြောင့် အရေးပေါ်အခြေအနေတွေအတွက် သူတို့ရဲ့ တုံ့ပြန်နိုင်စွမ်းကို ဆိုးဆိုးရွားရွား ဟန့်တားထားတယ်လို့ ပါလက်စတိုင်းတွေက ပြောပါတယ်။
Source/Photo-Reuters