Home
ဆောင်းပါး
အမျိုးသားရေးဝါဒ၊ ခါးဆစ်ရိုးပြတ်ကျ ဒုက္ခိတတပ်မတော်နဲ့ အသိကန်းပဲ့ကိုင်ရှင်သာဝ
DVB
·
September 5, 2023

နိုင်ငံရေးအရ စုစည်းထားတဲ့ အစည်းအရုံးဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ဖြစ် လူမှုရေးရာ ဆောင်ရွက်တဲ့ ပရဟိတအသင်းဖြစ်ဖြစ် ဖွဲ့စည်းလုပ်ကိုင်ကြရာမှာ အများပြည်သူကို အကျိုးပြုစေနိုင်တဲ့ ရည်မှန်းချက်တွေအတွက် ရိုးသားစွာ လူအများက နှစ်ခြိုက်၊ မှန်ကန်မှုလည်းရှိတဲ့ အခြေခံမူဝါဒ၊ အတွေးအမြင် သဘောတရားတွေကို ဆောင်ပုဒ်၊ ကြွေးကြော်သံတွေအဖြစ် ခေါင်းစီးတပ်ပြီး အများပြည်သူကို စည်းရုံးလို့ ပြည်သူလူထုက ယုံကြည်လာအောင် ဆောင်ရွက်နိုင်မှသာ ရေရှည်‌အောင်မြင်မှုကို ရနိုင်ပါတယ်။

အဖွဲ့အစည်းတရပ်ရဲ့ အခြေခံမူဝါဒ၊ အတွေးအမြင် သဘောတရားဆိုတာ ပင်မကျောရိုး မဏ္ဍိုင်ကြီးပဲ ဖြစ်ပါတယ်။ အဲ့ဒီအခြေခံမူဝါဒတွေကို ပြည်သူလူထုက မယုံကြည်တော့ဘူးဆိုရင် ကျောရိုးမကြီးက ခါးဆစ်ကွင်းဆက်တွေ မခိုင်မာဘဲ ပြတ်ကျလာတာနဲ့ တူတာမို့ အဖွဲ့အစည်းရဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေဟာ ကြံ့ခိုင်သန်စွမ်းမှုမရှိတော့ဘဲ အင်အားချည့်နဲ့ပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေကို မဆောင်ရွက်နိုင်တော့ဘဲ ကျရှုံးကျရစမြဲ ဖြစ်ပါတယ်။ လက်ရှိ အာဏာရူး သာဝရဲ့ လက်ပါး‌စေတပ်ဟာ အဲ့ဒီလိုအခြေအနေကို ဆိုက်ရောက်နေတဲ့ ဒုက္ခိတတပ်မတော် ဖြစ်ပါတယ်။

ရိုးသားတည်ကြည်ပြီး ဉာဏ်ပညာရှိတဲ့ ခေါင်းဆောင်တွေ ဦးဆောင်ခွင့်ရတဲ့ အဖွဲ့အစည်း တရပ်ဟာ သူတို့ရဲ့ သီလကောင်း၊ စံပြနမူနာ လုပ်ရပ်ကောင်းတွေကြောင့် အများအကျိုးကို ဗဟိုပြုတဲ့ အခြေခံမူဝါဒ၊ အတွေးအမြင်၊ သဘောတရားတွေ ချမှတ်လုပ်ဆောင်နိုင်တာမို့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင်လို့ သမိုင်းမော်ကွန်း ထိုးနိုင်ကြပါတယ်။

အဲ ဒါပေမဲ့ ရိုးသားမှုမရှိတဲ့ ခေါင်းဆောင်တွေ၊ မိမိအာဏာလောဘ၊ အတ္တမာနကြီးတဲ့သူတွေ အုပ်စီးခွင့်ရသွားတဲ့ အဖွဲ့အစည်းမျိုးဆိုရင်တော့ မှားယွင်းပြီး အပေါ်ယံ ရွှေမှုံဖြူးထားတဲ့ အတုအယောင် အခြေခံမူဝါဒ၊ အတွေးအမြင် သဘောတရား၊ ဆောင်ပုဒ်၊ ကြွေးကြော်သံတွေနဲ့ အများပြည်သူကို လမ်းမှားပို့ဆောင်ကြတဲ့အခါ ဦးဆောင်သူရော၊ နောက်တော်ပါ အသိုင်းအဝိုင်း တခုလုံးဟာ ပထမပိုင်း အခိုက်အတန့် ဟန်ကျနိုင်ပေမဲ့ ရေရှည်မှာတော့ အရှုံးကြီးရှုံး ကျဆုံး နိဋ္ဌိတံရုံသာမက သမိုင်းဆိုးကမ္ပည်း တသက်တာထိုးရစ်ခဲ့ရင်း ကျက်သရေမဲ့စွာ လူအများရဲ့ တံတွေးခွက်မှာ နစ်မျောကြရမှာ မလွဲပါဘူး။

ဒါကို ထင်ရှားတဲ့ ဥပမာတချို့ ပြရရင် မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီနယ်ချဲ့လက်က လွတ်မြောက်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ တို့ဗမာအစည်းအရုံးကို ကြည့်လိုက်ရင် စစ်မှန်ရိုးသားတဲ့ အများပြည်သူ ခံစားချက်နဲ့ ညီညွတ်တဲ့ အောက်ပါဆောင်ပုဒ်တွေကို တွေ့ရမှာဖြစ်ပါတယ်။

လာမည့်ဘေး ပြေးတွေ့

ဘေးနဲ့ကြုံ ရဲဂုဏ်ပြ

သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး

ကြောက်လွဲ ရဲမင်းဖြစ်

ကြောက်မွေးပါ ဇာဂနာနဲ့ နုတ်

ကျွန်ဘဝကို စက်ဆုပ်ကြ

ဒါတို့ပြည် ဒါတို့မြေ စသည်တို့ ဖြစ်ကြပါတယ်။

တို့ဗမာအစည်းအရုံးကြီးဟာ အထက်ပါ ကြွေးကြောက်သံတွေနဲ့ အများပြည်သူတို့ရဲ့ ဇာတိသွေး၊ ဇာတိမာန် တက်ကြွလာစေအောင် လှုံ့ဆော်ပေးခဲ့တာမို့ နိုင်ငံကို တိုင်းတပါး ကိုလိုနီနယ်ချဲ့ လက်အောက်က လွတ်မြောက်အောင် ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီကနေ ရိုးသားထက်မြက်တဲ့ ခေါင်းဆောင် လူငယ်မျိုးဆက်သစ်တွေ မွေးဖွားလာနိုင်ခဲ့ပြီး ဗို‌လ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂ ၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army - BIA) ကို လက်မောင်းသွေးဖောက် သစ္စာရေသောက်လို့ စုဖွဲ့ တည်ထောင်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ဗမာ့လွတ်လပ်ရေးတပ်မတော်အနေနဲ့ အမြဲတမ်း စဉ်ဆက်မပြတ် လိုက်နာကျင့်သုံး ခံယူသွားကြရမယ့် အခြေခံမူကြီး ၄ ရပ်ကို BIA စတင်စုဖွဲ့စဉ်ကတည်းက အောက်ပါ အခြေခံမူကြီး ၄ ရပ်ကို ချမှတ်ပြဋ္ဌာန်းခဲ့ကြပါတယ်။

၁။ နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော်

၂။ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့ တပ်မတော်

၃။ နိုင်ငံရေးမှာ ဝင်မစွက်တဲ့ တပ်မတော်

၄။ နိုင်ငံနဲ့ ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော်

ဖြစ်ရမယ်လို့ တိတိကျကျ ပြဋ္ဌာန်း သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း အများပြည်သူရဲ့ ယုံကြည်ကိုးစားမှု ရရှိခဲ့ပြီး နိုင်ငံကို လွတ်လပ်ရေးရသည်အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ‌‌၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကစပြီး ဗမာစစ်တပ်ဟာ ကိုယ်ကျင့်သီလပျက်ယွင်းတဲ့ အာဏာရူး စစ်ခေါင်းဆောင် နေဝင်းလက်အောက် ရောက်ရှိခဲ့ပြီးတဲ့နောက် ဗိုလ်ချုပ်အောင်ဆန်းတို့ တည်ထောင်ခဲ့စဉ်က တပ်မတော်ရဲ့ မူလအခြေခံမူကြီး ၄ ရပ်နဲ့ သွေဖည်ခဲ့ပြီး စစ်အာဏာရှင်စနစ် စတင်ပေါက်ဖွား အမြစ်တွယ်ခဲ့ရပါတယ်။ အဲ့ဒီကနေ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ အမျိုး – ဘာသာ – သာသနာဆိုတဲ့ ကြွေးကြော်သံကိုလွှင့်ပြီး အာဏာရှင်စနစ်ကို ဖုံးကွယ်ခဲ့ကြပါတယ်။

စစ်တပ်ဟာ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော်ဖြစ်တယ်။ မျိုးချစ်တပ်မတော် ဖြစ်တယ်ဆိုတဲ့ အယူအဆကို ဇွတ်သွတ်သွင်း တည်ဆောက်ခဲ့ကြပါတယ်။ ကိုလိုနီနယ်ချဲ့ခေတ်တုန်းက မျိုးချစ်ဝံသာနုပုံကို ဖမ်းပြီး ဒီမိုကရေစီစနစ်ကို တုံ့ပြန်ဆန့်ကျင်ဖို့ အမျိုးသားရေးဝါဒကို တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အင်္ဂလိပ်နယ်ချဲ့ဟာ မိစ္ဆာဆိုရင်၊ အနောက်နိုင်ငံတွေကလာတဲ့ ဒီမိုကရေစီစနစ် စာပေ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေဟာလည်း မိစ္ဆာဝါဒပဲဆိုပြီး အမျိုးသားရေးဝါဒနဲ့ လှည့်တိုက်ပေးခဲ့ကြပါတယ်။ အဲ့ဒီလို ဝါဒဖြန့်မှုဟာ မြန်မာစစ်တပ်အသိုင်းအဝိုင်းနဲ့ တပ်နဲ့ဆက်စပ်တဲ့ အသိုင်းအဝိုင်းကြား ခိုင်ခိုင်မာမာ ပျံ့နှံ့ခဲ့တာမို့ ဒီမိုကရေစီကို ဟန့်တားပြီးသားဖြစ်သလို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကိုလည်း ကန့်သတ်ထားပြီးသား ဖြစ်တယ်လို့ သာဝတို့ စစ်အုပ်စုက မှားယွင်းစွာ ယူဆခဲ့ပုံရပါတယ်။

၈၈ အာဏာလုစစ်အုပ်စုနဲ့ ကိုယ့်ဆရာကို ဇာတ်တူသားစားတဲ့ ဘုရင်ရူးသန်းရွှေတို့ ခေတ်ကစလို့ အမျိုးသားရေးဝါဒကို စစ်တပ်ရဲ့ အခြေခံမူအဖြစ် မိုက်မဲစွာပြောင်းလဲလို့  အောက်ပါ ဒို့တာဝန်အရေး ၃ ပါး ဆောင်ပုဒ် - ခါးဆစ်ရိုးအတုကို ရုပ်မြင်သံကြား၊ သတင်းဂျာနယ်တိုင်းမှာ နသားပါယား အတင်းထည့်သွင်းခိုင်းပြီး မသိနားမလည်တဲ့ ပြည်သူတချို့ကို လှည့်ဖြား လမ်းမှားပို့ခဲ့ကြတယ်။

၁။ ပြည်ထောင်စုမပြိုကွဲရေး၊

၂။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊

၃။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး

ဒါပေမဲ့ ရိုးသားမှုမရှိတဲ့အပြင် ကိုယ်ကျိုးရှာ စစ်အခွင့်ထူးခံအုပ်စုရဲ့ ခိုးဆိုးလုနိုက် ဗီဇ စရိုက်ဟာ ရေရှည်မဖုံးကွယ်နိုင်ဘဲ မျက်နှာဖုံးကွာကျပြီး အစွယ်ပြူးပြူးနဲ့ ဘီလူးရုပ်တွေ ပေါ်လာခဲ့ရတယ်။

အထူးသဖြင့် အရပ်အမောင်းရော အသိဉာဏ်ပါ လူစဉ်မမီတဲ့ သမ္မတရူး သာဝ ဦးဆောင်တဲ့ ၂၀၂၁ ခုနှစ်မှာ အာဏာထပ်လုပွဲကြောင့် ဖက်ဆစ်တပ်ရဲ့ နောက်ဆုံးကျောရိုးမဏ္ဍိုင်ဖြစ်တဲ့ ဒို့တာဝန်အရေး ၃ ပါး ခါးဆစ်ရိုးအတုကို မြန်မာပြည်သူလူထုတရပ်လုံးက လုံးဝ အယုံအကြည် ကင်းမဲ့သွားတော့တယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံမှာ ခေတ်ကုန်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ကျားကန်ထားတဲ့  အမျိုးသားရေးဝါဒ အခြေခံမူနဲ့ မစစ်မှန်တဲ့ ဒို့တာဝန်အရေး ၃ ပါး ဆောင်ပုဒ် - ခါးဆစ်ရိုးအတုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စာရင်းမှားတယ်လို့ အကြောင်းပြပြီး လူထုရဲ့ဆန္ဒကို ဆန့်ကျင်ကာ ပြည်သူ့အာဏာ လုယူခဲ့တာကြောင့် စစ်အခွင့်ထူးခံတပ်ဟာ တနိုင်ငံလုံးက အယုံအကြည်ကင်းမဲ့ခဲ့ကြပါတယ်။

တနည်းအားဖြင့်ပြောရရင် တပ်မတော်အမည်ခံ အာဏာရှင်လက်ပါးစေတပ်ရဲ့ ခါးဆစ်ရိုး ပြတ်ကျလို့ ဒုက္ခိတ စစ်တပ်ဘဝကို ရောက်ခဲ့ရတဲ့ တရားခံဟာ အသိကန်း ပဲ့ကိုင်ရှင်သာဝနဲ့ နောက်‌တော်ပါ စစ်ရာဇဝတ်ကောင်တအုပ်လို့ ဆိုရင် မမှားနိုင်ပါဘူး။ ဖက်ဆစ်တပ်ဟာ အခြေခံမူဝါဒ ပျောက်ဆုံးပြီး ပင်မကျောရိုးမကြီး ပြတ်ထွက်လို့ ခါးဆစ်ရိုးကျိုးသွားတာမို့ ကိုယ်လက်အင်္ဂါနဲ့တူတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ ကြံ့ခိုင်သန်စွမ်းမှု မရှိတော့တာမို့ ပြည်သူနဲ့ စစ်ခင်းရတဲ့ တိုက်ပွဲတွေမှာ တိုက်စွမ်းရည်မရှိဘဲ စစ်မျက်နှာအသီးသီးမှာ အရေးနိမ့်လာနေတာ အားလုံးမြင်နေကြရပါပြီ။

ကမ္ဘာကျော် မကောင်းမှုပေါင်းစုံ ကျူးလွန်ခဲ့ကြတဲ့ ဒုက္ခိတ တပ်မတော်ရဲ့ နောက်ဆုံး နေဝင်ချိန်မှာ အသိကန်းပဲ့ကိုင်ရှင် ဘုရားဒကာရူး သာဝနဲ့ မိုက်ဖော်မိုက်ဘက်တွေကို သူ့နောက်လိုက်တွေရဲ့ စွန့်ခွာကျောခိုင်းမှု၊ အမိန့်ဖီဆန်မှု၊ တပ်တွင်းပုန်ကန်မှုတွေ တိုးပွားပေါ်ပေါက်လာပြီး အများပြည်သူလူထုရဲ့ ဝိုင်းဝန်းချေမှုန်းတာကို အချိန်တိုတိုအတွင်းမှာ ကြုံတွေ့လို့ စစ်အာဏာရှင်စနစ် အမိုက်ဇာတ်သိမ်းသွားမှာကို တကမ္ဘာလုံးက မြင်ကြရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024