မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စက်တင်ဘာလထဲမှာ ရုရှားနိုင်ငံကို သွားရောက်ပြီး သမ္မတဗလာဒီမာပူတင်နဲ့ တွေ့ဆုံကာ လက်နက်ထောက်ပံ့ပေးဖို့ကိစ္စ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
ရှားရှားပါးပါး နိုင်ငံခြားခရီးစဉ်မှာ ကင်မ်ဂျုံအန်းဟာ ပြုံယမ်းကနေ သံချပ်ကာရထားနဲ့ ရုရှားနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းရှိ ဗလာဒီဗော့စ်တော့ခ်မြို့ကို သွားရောက်ပြီး ပူတင်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း အမေရိကန်နဲ့ မဟာမိတ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး စက်တင်ဘာ ၄ ရက်မှာ နယူးယော့ခ်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ သိပ်မဝေးတဲ့ ဗလာဒီဗော့စ်တော့ခ် ဆိပ်ကမ်းမြို့မှာ ရှိနေချိန်အတွင်း ကင်မ်ဂျုံအန်းက ရုရှားအမြောက်ကျည်တွေနဲ့ တင့်ကားဖျက်ဒုံးကျည်တွေ ပေးပို့ရေးကို ဆွေးနွေးမှာဖြစ်ပြီး အလဲအလှယ်အားဖြင့် ဂြိုဟ်တုတွေနဲ့ နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအတွက် မော်စကိုရဲ့ အဆင့်မြင့်နည်းပညာနဲ့ လဲလှယ်ရေးတွေကို ခေါင်းဆောင် ၂ ဦး ဆွေးနွေးကြလိမ့်မယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဇူလိုင်လတုန်းက ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကြီးကို တက်ရောက်လာတဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူနဲ့ ပြုံယမ်းမှာ တွေ့ဆုံခဲ့ပါတယ်။
Source/Photo-Reuters