ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စက်တင်ဘာ ၄ ရက် ညနေပိုင်းက ဓာတ်ပုံဆိုင်ပိုင်ရှင် အလွတ်တန်းသတင်းထောက်ဟောင်း အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိပါတယ်။
မင်းရာဇာ ဓာတ်ပုံဆိုင်ပိုင်ရှင် ဦးသန်းထွန်းအောင်ဟာ ဇနီးဖြစ်သူနဲ့အတူ ဆိုင်ကယ်စီးလာစဉ် လူရည်ချွန်ဘော်ဒါအနီး အမည်မသိ သေနတ်သမားက ပစ်သတ်သွားတာဖြစ်ပါတယ်။
မြို့ခံအမျိုးသားတစ်ဦးက "ညနေ ၅ နာရီလာက်က လူရည်ချွန်ဘော်ဒါရှေ့မှာ သူ့မိန်းမနဲ့ ဆိုင်ကယ်စီးနေတုန်းပစ်သွားတာ။ သူ့ မိန်းမကတော့ ဘာမှမဖြစ်ဘူး။ သူကတော့ ပွဲချင်းပြီးပဲ ဘယ်သူပစ်သွားတာလဲတော့ မသိဘူး" လို့ ပြောပါတယ်။
မင်းရာဇာ ဓာတ်ပုံဆိုင်ပိုင်ရှင် ဦးသန်းထွန်းအောင်ဟာ စစ်တပ်အာဏာမသိမ်းခင်က အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်ခဲ့ဖူးသူဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက "ဓာတ်ပုံ ဗွီဒီယို ရိုက်ကူးရေးဆိုင်ဖွင့် ထားတယ်။ အာဏာမသိမ်းခင်ကတော့ အလွတ်တန်းသတင်းထောက် လုပ်သေးတယ်။ ဆန္ဒပြတော့လည်း ဆန္ဒပြတဲ့သူတွေကို ဓာတ်ပုံ ဗွီဒီယို ရိုက်လို့ဆိုပြီး ဆန္ဒပြတဲ့အဖွဲ့တွေနဲ့ မကြာခဏ စကားများတာတွေရှိတယ်။ သူ့ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က အနေအထိုင် ဆင်ခြင်ဖို့ သတိပေးထားတာရှိတယ်"လို့ ပြောပါတယ်။
ဦးသန်းထွန်းအောင်ဟာ ဇနီးနဲ့အတူ ဆိုင်ကယ်စီးလာစဉ် သေနတ်နဲ့ ၆ ချက် ထက်မနည်း ပစ်ခတ်ခံရတဲ့အတွက် ဦးခေါင်းနဲ့ ခြေထောက်မှာ ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာ သေဆုံးသွားခဲ့တာပါ။
ဦးသန်းထွန်းအောင် (ခ) အားဖူ သေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ မိသားစု မိတ်ဆွေအသိုက်အဝန်း ဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။