Home
မြန်မာသတင်း
တရုတ်က အဝယ်လိုက်သဖြင့် မြေပဲဆန်စျေးနှုန်း ​စံချိန်တင်မြင့်တက်
DVB
·
September 5, 2023

တရုတ်က အဝယ်လိုက်တာနဲ့ ပြည်တွင်းစားသုံးမှုများပြားလာကြောင့် မြေပဲဆန်စျေးနှုန်း စံချိန်တင် မြင့်တက်နေတယ်လို့ ပဲအမျိုးမျိုးရောင်းဝယ်ရေးကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ ဇူလိုင်က မြေပဲဆန်ဖြူ တပိဿာကို ကျပ် ၆,၁၀၀၊ မြေပဲဆန်နီ တပိဿာကို ကျပ် ၈,၀၀၀ သာရှိခဲ့ရာမှာ ​စက်တင်ဘာ ၅ ရက် စျေးနှုန်းအရ မြေပဲဆန်ဖြူ တပိဿာကို ကျပ် ၇၈၀၀ နဲ့ မြေပဲဆံနီတပိဿာ ကျပ် ၁၀၄၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

မန္တလေး ပဲအမျိုးမျိုးရောင်းဝယ်ရေး ကုန်စည်ဒိုင်ပိုင်ရှင်တဦးက "မြေပဲဆန်စျေးက ဒီနှစ်က စျေးတော်တော်ကောင်းနေတာပေါ့။ မနှစ်ကနေ နှိုင်းယှဥ်မယ်ဆိုရင် ထက်ဝက်နီးပါးလောက် တက်သွားတာ။ အဓိကကတော့ တရုတ်အဝယ်လိုက်တာပေါ့။ တရုတ်က ဝယ်လက်တွေ မြေပဲဆန်အလုံး သန့်ရင် အဖြူကော အနီကော အကုန်ဆွဲတာ။ အခုမြေပဲဆန်စျေး အခြေအနေက နည်းနည်းပြောရခက်တယ်။ မြေပဲဆံအသစ်တွေကထွက်နေပြီး တောင်သူတွေကလည်း စျေးထိုးကျမှာစိုးလို့ ပြန်ရောင်းနေတော့ စျေးပြန်ကျဖို့ရှိနိုင်တယ်" လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်က မြေပဲဆန်ဖြူ စျေးနှုန်းဟာ ၁ ပိဿာကို ကျပ် ၄,၅၀၀ နဲ့ မြေပဲဆန်နီစျေးနှုန်းဟာ ၁ ပိဿာ ကို ကျပ် ၇၀၀၀ သာရှိခဲ့ပါတယ်။

မြေပဲဆန်ဟာ တရုတ်က အဝယ်လိုက်တဲ့အပြင် ပြည်တွင်းစားသုံးမှုနဲ့ ဆီကြိတ်ဖို့အတွက်လည်း အသုံးပြုတာများပြီး အဝယ်လိုက်နေတယ်လို့ အောင်လံမြေပဲကုန်သည်တဦးက ပြောပါတယ်။

"ပြည်တွင်းဆီစက်တွေက မြေပဲကို အရင်လတွေကထက် ပိုပြီးဝယ်လာပါတယ်။ အဓိကတော့ ပြည်တွင်းမှာ မြေပဲဆီစားသုံးမှုများလာပါတယ်။ ရိုးရိုးစားအုန်းဆီလည်း ၁ သောင်းကျော်နေတဲ့အပြင် ဝယ်စားဖို့လည်း မလွယ်တဲ့အခြေအနေတွေ ဖြစ်နေကြလို့ စားသုံးသူတွေက မြေပဲဆီတို့ မြေပဲရောဆီတို့ကို ပိုစားသုံးလာတယ်။ စျေးကလည်း တော်တော်ကောင်းတာ၊ ကျနော်လုပ်ခဲ့ဖူးတဲ့ သက်တမ်းတလျှောက်မှာ ဒီစျေးကအမြင့်ဆုံးပါ။" 

စက်တင်ဘာ ၄ ရက်နေ့ မြေပဲဆီစျေးနှုန်းဟာ တပိဿာကို ကျပ် ၁၅,၀၀၀ ပတ်ဝန်းကျင်ရှိ​ပြီး ပြီးခဲ့နှစ်ကထက် ကျပ် ၅၀၀၀ ခန့် မြင့်တက်လာတယ်လို့ မြေပဲဆီရောင်းဝယ်သူတွေက ပြောပါတယ်။

လက်ရှိမှာ အောင်လံ၊ ပြည်၊ မကွေး စတဲ့ မြေပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ မြေပဲဆန်ထွက်ရှိနေပြီး မလှိုင်၊ ကျောက်ပန်းတောင်းနဲ့ နွားထိုးကြီးဒေသတွေမှာလည်း မြေပဲဆန် မကြာမီ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024