နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နဲ့အဖွဲ့ဟာ နေ့စဥ် ရက်ဆက်ဆိုသလို မြို့ပေါ်နဲ့ ကျေးရွာတွေမှာ လိုက်လံစည်းရုံးနေတယ်လို့ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ် ကြောက်လန့်နေတယ်လို့ နေပြည်တော် ဒေသခံတွေက ပြောပါတယ်။
ဗိုလ်မှူးကြီးမင်းနောင်နဲ့ ဌာနဆိုင်ရာအဖွဲ့တွေဟာ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးခေါင်းစဥ်တပ်ကာ စက်တင်ဘာ ၃ ရက်က ပြည်ထောင်ကိုး ကျေးရွာအုပ်စု၊ ပြဒါးချောင်ကျေးရွာမှာ လာရောက်စည်းရုံးခဲ့ပြီး ပြည်သူ့စစ်တွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ပြဒါးချောင်ကျေးရွာနေသူတဦးက ပြောပါတယ်။
"စစ်တပ်ချည်းပဲလာတာမဟုတ်ဘူး လဝကကို အရင်လွှတ်တာ။ လူစုံပြီဆိုတာနဲ့ တပ်က ရောက်လာတယ်။ အဲ့ကစပြီး NUG၊ PDF မကောင်းကြောင်းစပြောတာပဲ။ တိုက်ပွဲတွေဖြစ်တော့ မှာလားဆိုပြီး လူထုကကြောက်နေတယ်။ တပ်ကတော့ ဘာမှမဖြစ်ဘူး။ အခုကာလမှာ လူတိုင်းကို သတိထားလို့ရအောင်ပြောတာလို့ပြောတယ်။”
ဗိုလ်မှူးကြီးမင်းနောင်နဲ့အဖွဲ့ဟာ ပြည်ထောင်ကိုးကျေးရွာနဲ့ ပြဒါးချောင်ကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့၊ ဘုန်းကြီးကျောင်းစာသင်ကျောင်းတွေကို ထောက်ပံ့ပေးမယ့်အကြောင်းပြောကာ ဌာနေပြည်သူ့စစ်တွေနဲ့လည်းလျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ကိုပြောပါတယ်။
"တပ်ကကျနော်တို့ကို လာတွေ့မဟုတ်ဘူး။ ပြဒါးချောင်နဲ့ ဂမုန်းတောင်က ပြည်သူ့စစ်တွေကို ထောက်ပံ့ကြေးလာပေးတာ။ ပြည်သူ့စစ်တွေကို PDF သတင်းနားစွင့် ထားဖို့ အချိန်မီ သတင်းပို့ဖို့မှာသွားတယ်။”
စက်တင်ဘာ ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြဒါးချောင်းကျေးရွာနဲ့ မုန်းတောင်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်တွေနဲ့ တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်တို့ တွေ့ဆုံခဲ့တာလည်းရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်ကလည်း ဗိုလ်မှူးကြီးမင်းနောင်နဲ့အဖွဲ့ဟာ ပြည်သူ့စစ်တွေရှိတဲ့ ဂမုန်းတောင်ကျေးရွာနဲ့ ပေါက်မဲကျေးရွာမှာ စည်းရုံးရေးလုပ်ခဲ့ပါတယ်။
ဩဂုတ် ၁ ရက်ကစလို့ နေပြည်တော်ကောင်စီနယ်မြေမှာ လုံခြုံရေးကို အရင်ထက် နှစ်ဆ တိုးထားတယ်လို့လည်း ဇေယျာသီရိမြို့နေ စစ်မှုထမ်းဟောင်းတယောက်က ပြောပါတယ်။
ဇူလိုင် ၂၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ ကိုးတစ်ရွာနားမှာ အငြိမ်းစားရဲမှူး တယောက်နဲ့ ပြည်သူ့စစ် နှစ်ယောက်သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ပျဉ်းမနားမြို့နယ်နဲ့ ကပ်နေတဲ့ ရေတာရှည်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ PDF တွေ အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။