ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ သေးဆူလဲကျေးရွာနဲ့ ပူဖားကျေးရွာတို့မှာ ခြေကုပ်ယူ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော် သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရမိတယ်လို့ ကရင်နီပူးပေါင်းတပ်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂ ရက်က သေးဆူလဲနဲ့ ပူဖားကျေးရွာမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီစခန်းတွေကို ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်း ချေမှုန်းတိုက်ခိုက်ခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။
မနက် ၅ နာရီကနေ ၉ နာရီခွဲအထိ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကေင်စီရဲ့ စကခ ၂ လက်အောက်ခံ ခလရ ၉ ဒုတပ်ရင်းမှူး ရဲလင်းနိုင်က သူ့လက်အောက်ရှိ အရာရှိနဲ့ တပ်သားတွေကို အသေခံ ပစ်ခိုင်းပြီး သူက ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့ကြောင်း ဒီတိုက်ပွဲအတွင်း သူတို့တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ခြေကုပ်စခန်းတွေကို စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံက လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ၆၀ မမ ပြောင်း ၂ လက်၊ RPG-7 ၁လက်၊ ငါးကြင်းမြီး ၁ လက်၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ ကျည်ဆန်များ၊ ဆက်သွယ်ရေးစက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာလည်း သေးဆူလဲနဲ့ ပူဖားကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။