ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ အမှတ် ၁ နယ်မြေ၊ ခန်းခိဘန်ကျေးရွာမှာ ယာဉ်တိုက်မှုဖြစ်ပွါးပြီး မြန်မာနိုင်ငံသား သားအဖ နှစ်ယောက် သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ ရင်းနှီးသူတွေထံက သိရပါတယ်။
စက်တင်ဘာ ၃ရက် မနက် ၁၁ နာရီလောက်က ဆိုင်ကယ်တစီးနဲ့ မိသားစုဝင် ၃ ဦး စီးနင်းလာချိန်မှာ ထိုင်းနိုင်ငံသားမောင်းနှင်လာတဲ့ ၆ ဘီးကားတစီးက ကားနောက်ဆုတ်ရာမှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ဆိုင်ကယ်ပေါ်က သားအဖ နှစ်ယောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မိသားစုနဲ့ရင်းနှီးသူတဦးက "ကားနောက်ဆုတ်တာကို သေခြာမကြည့်ဘဲ ဆုတ်တော့ ဆိုင်ကယ်ကို ကြိတ်မိတာ၊ မိန်းမဖြစ်တဲ့သူက ဆိုင်ကယ်ပေါ်က ခုန်ချတော့ သူကတော့ ဘာမမဖြစ်ဘူး။ ယောကျ်ားနဲ့ သားကို ကားကတက်ကြိတ်တာကို မြင်လိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်နေတယ်၊ သူ့ကိုလည်း ဆေးကုသဖို့လိုမယ်ထင်တယ်”လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ သားအဖ နှစ်ယောက်ကို မဲဆောက်ဆေးရုံကြီးမှာ မှုခင်းနဲ့ဆိုင်ရာ အချက်အလက်တွေ စစ်ဆေးပြီး သူတို့နေထိုင်ရာ နေအိမ်မှာ နာရေးအခမ်းအနား စီစဉ်ထားပါတယ်။
ယာဉ်တိုက်မှုတရားခံ ထိုင်းနိုင်ငံသား ၆ ဘီး ယာဉ်မောင်းအမျိုးသားကို မဲဆောက်ရဲတပ်ဖွဲ့က အခင်းဖြစ်ပွါးရာနေရာမှာပဲ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Photo Cj