အီရတ်နိုင်ငံမြောက်ပိုင်းက ရေနံထွက်ရာ ကာရ်ကွတ်မြို့မှာ လူမျိုးစုတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုအတွင်း စက်တင်ဘာ ၂ ရက်က ဆန္ဒပြသူ ၃ ဦး သေနတ်ထိမှန်သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တချိန်က ကာဒစ်ဒီမိုကရက်တစ်ပါတီ (KDP) အတွက် ဌာနချုပ်ဖြစ်ခဲ့ဖူးပေမယ့် အီရတ်စစ်တပ်က ၂၀၁၇ ခုနှစ်ကတည်းက အခြေစိုက်စခန်းအဖြစ် သုံးခဲ့တဲ့ ကာရ်ကွတ်မြို့က အဆောက်အအုံ တခုမှာ အငြင်းပွားမှုဖြစ်ခဲ့တာပါ။
ဗဟိုအစိုးရက KDP ပါတီနဲ့ ရင်းနှီးချစ်ကြည်ကြောင်း ပြသတဲ့အနေနဲ့ အဆောက်အအုံကို ပြန်ပေးဖို့ စီစဉ်ထားပေမယ့် အာရပ်နဲ့ တာ့ခ်မင်ဆန့်ကျင်သူတွေက ပြီးခဲ့တဲ့ သီတင်းပတ်က အဆောက်အအုံ အပြင်ဘက်မှာ သပိတ်စခန်းတစ်ခု ထူထောင်ရင်း ဆန္ဒပြခဲ့ကြပါတယ်။
စနေနေ့က ကာ့ဒ်ဆန္ဒပြသူတစ်စုက စခန်းနားကို ချဉ်းကပ်လာချိန်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အစောပိုင်းမှာ ကာ့ဒ်ဆန္ဒပြသူတဦး သေဆုံးခဲ့တယ်လို့ ရဲတွေနဲ့ ဆေးရုံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆေးရုံမှာ ကာ့ဒ်ဆန္ဒပြသူနှစ်ဦး ကျည်ဆန်ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီးတဲ့နောက် သေဆုံးသူဦးရေ တိုးလာတယ်လို့ သူတို့က ပြောပါတယ်။
ပစ်ခတ်ခဲ့သူအပါအဝင် သေဆုံးမှု အခြေအနေတွေကို စုံစမ်း စစ်ဆေးနေတယ်လို့ မြို့တွင်း လုံခြုံရေး အရာရှိတွေနဲ့ ရဲတွေက ပြောပါတယ်။
ကျောက်ခဲတွေ၊ သတ္တုတုံးတွေကို သုံးပြီး တိုက်ခိုက်ခဲ့တဲ့ ဆန္ဒပြ အဖွဲ့ နှစ်ဖွဲ့က လူတွေလည်း ဒဏ်ရာ ရခဲ့တယ်လို့ ကာရ်ကွတ် ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
Source/Photo-Reuters