Home
မြန်မာသတင်း
ငွေလဲကောင်တာများ အရောင်းပိတ်ထားသဖြင့် ပြည်ပထွက်မည့်သူများ အခက်ကြုံ
DVB
·
September 3, 2023

ပြည်တွင်းမှာ ငွေလဲကောင်တာ အများစု အရောင်းပိတ်ထားတာကြောင့် နိုင်ငံခြားငွေ လိုသလောက် ဝယ်ဖို့ ခက်ခဲနေတယ်လို့ ပြည်ပထွက်ဖို့ ပြင်ဆင်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်း ပြည်တွင်းမှာ ခွင့်ပြုချက်/လိုင်စင် မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်သူတွေကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က အသွင်ယူ ဖမ်းဆီးတာတွေ ရှိတာကြောင့် ငွေလဲကောင်တာ အများစု အရောင်းပိတ်ခဲ့ပါတယ်။

ငွေလဲကောင်တာတွေ အရောင်းပိတ်ထားတာကြောင့် ပြည်တွင်းမှာ ဒေါ်လာအပါအဝင် ယူရို၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ်တွေ ရောင်းဝယ်ဖို့ ခက်ခဲတယ်လို့ ငွေလဲ လုပ်ကိုင်သူတွေဆီက သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားထွက်ဖို့ ပြင်နေကြသူတွေလည်း လိုအပ်တဲ့ ပမာဏအတိုင်း နိုင်ငံခြားငွေ ဝယ်ဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

"ငွေလဲကောင်တာတွေကလည်း စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချမပေးနိုင်ဘူး။ မပေးနိုင်တော့ကျ ကောင်တာတွေက သူတို့က ပိတ်ထားတယ်။ ပိတ်ထားတဲ့အခါ ကျနော်တို့ နိုင်ငံခြား သွားမယ့်သူတွေအတွက် ဒေါ်လာဝယ်တာပဲဖြစ်ဖြစ်၊ ဘတ်ဝယ်တာပဲဖြစ်ဖြစ် အခက်အခဲ ဖြစ်တာပေါ့။ အပြင်ပေါက်ဈေးက လက်ရှိမှာ ၃၇၀၀ နီးပါးရှိတယ်။ ဘတ်ဆိုလည်း ၁၀၀ ကျော်ရှိတယ်။ ဒါပေမဲ့ လူတွေက ယုံကြည်မှု မရှိတော့ ဝယ်တဲ့သူကိုလည်း သံသယ ဖြစ်တဲ့အတွက် ရောင်းတဲ့သူတွေလည်း ရှားလာတယ်။ အကုန်လုံးက အရောင်းပိတ်ထားတဲ့ အခြေအနေဖြစ်နေတာပေါ့။ အဲ့ကျတော့ နိုင်ငံခြားထွက်ဖို့အတွက် လိုအပ်တဲ့ ဘတ်တွေ ဒေါ်လာတွေ ဝယ်ဖို့က လိုသလောက်လည်း မရဘူး။ ဈေးကြီးကြီး ပေးနိုင်ရင်တောင်မှ ကိုယ်လိုအပ်တဲ့ ပမာဏရဖို့ အခက်အခဲ ရှိနေတာပေါ့။"

"သူတို့ အွန်လိုင်းပေါ်က ရောင်းတဲ့သူတွေကို အသွင်ယူပြီး ဖမ်းဆီးတာဆိုတော့ ရောင်းတဲ့သူကရော တကယ်လား၊ ဝယ်တဲ့သူကရော တကယ်လားဆိုတဲ့ စိုးရိမ်စရာ သံသယဖြစ်စရာတော့ ရှိတာပေါ့။ ရောင်းသူ ဝယ်သူမှာကိုက သံသယဖြစ်တဲ့အနေအထား ဖြစ်သွားတာပေါ့။ ကိုယ့်ဆီလာဝယ်လို့ ကိုယ်အဖမ်းခံရတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်နိုင်တယ်လေ။ အသွင်ယူဖမ်းဆီးသွားမယ်လို့ ဗဟိုဘဏ်က ကြေညာထားတာ ဆိုတော့ ဈေးတွေတော့ တင်နေတယ်။ ဝယ်ရောင်းတွေတော့ လုပ်နေတယ်။ ယုံကြည်မှုက အားနည်းတာပေါ့။ အပြင်မှာ ဝယ်မယ်ဆိုရင်လည်း ထင်သလောက်တော့ မလွယ်ပါဘူး"လို့ ပြည်ပထွက်ဖို့ ပြင်နေသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို ပြင်ပပေါက်ဈေး ငွေကျပ် ၄၀၀၀ လောက်အထိ ရောက်ခဲ့ပြီး အခုလို ပြင်ပမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်းဈေးတွေ တက်နေတာ မသမာသူတွေ ဈေးကစားတာကြောင့်လို့ စစ်ကောင်စီက ပြောဆိုပါတယ်။

လက်ရှိ အွန်လိုင်းမှာ ငွေကြေး အရောင်းအဝယ်လုပ်သူတွေက စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေကြောင့် လတ်တလော အရောင်းပိတ်ထားကြပြီး ကိုယ်နဲ့ ရင်းနှီးသူ၊ ယုံကြည်သူတွေနဲ့သာ အရောင်းအဝယ် လုပ်နေရတဲ့ အခြေအနေရှိတယ်လို့ ပြောပါတယ်။

ငွေလဲလုပ်ငန်း လုပ်ကိုင်သူတယောက်က "Rate တွေက ဟိုရက်ကဆို ၄၀၀၀ နီးပါးလောက်ထိ ဖြစ်ဖြစ်သွားတယ်။ နေ့တိုင်း နေ့တိုင်း တက်တက်နေတာ။ သူတို့က အဲ့လို သပ်သပ် ဈေးကစားတယ်ပေါ့။ မသမာသူတွေက သပ်သပ်မဲ့ လောဘသမားတွေက ဈေးကစားတယ်ဆိုပြီး အဖမ်းအဆိးတွေ လုပ်တယ်။ သူတို့ အဲ့လိုတွေ လုပ်လိုက်တဲ့အချိန်ကျရင် လူတွေက ဖမ်းတာဆီးတာ ကြောက်တဲ့အခါကျ နည်းနည်း ကြောက်သွားတယ်။ အဝယ်အရောင်း မလုပ်ကြတော့ဘူး။ ခဏတော့ ပြန်ငြိမ်တယ်ပေါ့နော်။ တခါမှ မမြင်ဖူးတဲ့သူတွေကို တနေရာမှာ ချိန်းဆိုပြီး ဝယ်ရတဲ့အခါကျ အခက်အခဲတော့ အများကြီး ရှိတာပေါ့။ ကိုယ်ပုံမှန် ဝယ်နေကျ ငွေလဲကောင်တာတွေလို စိတ်ချရမှု မရှိဘူး။ ဒါပေမဲ့ ရွေးချယ်စရာ မရှိဘူး။ အခုချိန်မှာ ကိုယ်ကလည်း ငွေလိုနေပြီ။ ငွေလဲကောင်တာကလည်း မဖွင့်ဘူး။ ဝယ်ချင်တာပဲဖြစ်ဖြစ် ရောင်းချင်တာဖြစ်ဖြစ် အဲဒီ ဖြတ်လမ်းနည်းလေးတွေပဲ လုပ်နေရတာပေါ့။ အရင်လိုတော့ ကျမတို့မှာ လွတ်လွတ်လပ်လပ် ရောင်းခွင့် ဝယ်ခွင့် ပြောခွင့် ဘာမှ မရှိတော့ဘူးလေ။ အကုန်လုံးက ဒါက ကိုင်တာနဲ့ ပြောတာနဲ့ ဥပဒေနဲ့ ညှိနေတဲ့အခါကျ မလုပ်ရဲမကိုင်ရဲတွေ ဖြစ်တာပေါ့"လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို ပြင်ပမှာ ငွေကျပ် ၃၇၀၀ ကျော် ပေါက်ဈေးရှိနေပြီး အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားကို ပြင်ပမှာ ၃၈ သိန်း ဝန်းကျင် ပေါက်ဈေး ရှိနေပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ ဆက်တိုက် မြင့်တက်နေတာဟာ စစ်ကောင်စီရဲ့ ငွေကျပ် ၂ သောင်းတန် ထွက်ပြီးနောက်ပိုင်းနဲ့ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ် ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစလို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကနေ ဒေါ်လာနဲ့ ပတ်သက်တဲ့ ထိန်းချုပ် ကန့်သတ်ချက်တွေ အမျိုးမျိုး ထုတ်ပြန်ခဲ့ပြီးနောက် ရွှေဈေးနဲ့ နိုင်ငံခြားငွေ လဲလှယ်တဲ့ ဈေးတွေ ဆက်တိုက် မြင့်တက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024