ယူကရိန်းနိုင်ငံရဲ့ သြဇာကြီးတဲ့ စီးပွားရေးသမား အီဟော်ရ်ကိုလိုမွိုက်စကီးကို လိမ်လည်မှုနဲ့ ငွေကြေးခဝါချမှုတို့မှာ သံသယရှိသူအဖြစ် သတ်မှတ်ခဲ့ကြောင်း ယူကရိန်း လုံခြုံရေးဌာန SBU က စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
၂၀၁၃-၂၀၂၀ ခုနှစ်အတွင်း အီဟော်ရ်ကိုလိုမွိုက်စကီးဟာ အမေရိကန်ဒေါ်လာ ၁၄ သန်း တန်ဖိုးရှိတဲ့ ယူကရိန်းငွေကြေး ဘီလီယံတဝက်ကျော် ပမာဏကို ပြည်ပကနေ ထုတ်ယူပြီးတော့ ထိန်းချုပ်ထားတဲ့ ဘဏ်တွေရဲ့ အခြေခံအဆောက်အအုံတွေကို အသုံးပြုပြီး တရားဝင်ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ SBU က တယ်လီဂရမ်ချန်နယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စမှတ်ချက်တောင်းခံဖို့ ကိုလိုမွိုက်စကီး ကို ဆက်သွယ်လို့ မရပါဘူး။ ကိုလိုမွိုက်စကီးရဲ့ အိမ်တံခါးမှာ စုံထောက်တဖွဲ့ ရောက်ရှိနေပြီး ကိုလိုမွိုက်စကီးက စာရွက်စာတမ်း တွေ လက်ခံပြီးတော့ လက်မှတ်ရေးထိုးနေပုံတွေကို SBU က ထုတ်ပြန်ခဲ့ပါတယ်။
ကိုလိုမွိုက်စကီးဟာ ယူကရိန်းဘဏ်ဖြစ်တဲ့ PrivatBank ရဲ့ ပိုင်ရှင်ဟောင်းဖြစ်ပြီး ယူကရိန်းဘဏ် လုပ်ငန်းစနစ်ကို အဓိက ရှင်းလင်းမှု တစိတ်တပိုင်းအနေနဲ့ ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှာ ပြည်သူပိုင် အသိမ်းခံခဲ့ရဖူးပါတယ်။
ယူကရိန်းသမ္မတဇလန်စကီးဟာ ၁၈ လကြာ ရုရှားရဲ့ကျူးကျော်မှုကို တိုက်ဖျက်နေချိန်မှာ အကျင့်ပျက်ခြစားမှုကိုလည်း ဦးစားပေးနှိမ်နင်းနေတာဖြစ်ပြီး ယူကရိန်းရဲ့ အချမ်းသာဆုံး သူဌေး တွေထဲက တဦးဖြစ်တဲ့ ကိုလိုမွိုက်စကီးဟာ အထင်ရှားဆုံး ပစ်မှတ်ဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
ကိုလိုမွိုက်စကီးပိုင် တီဗီချန်နယ်တစ်ခုတွင်ထုတ်လွှင့်ပြသခဲ့တဲ့ အစီအစဉ်တခုမှာ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူရွှင်တော်အဖြစ် နာမည်ကြီးလာခဲ့တဲ့ လက်ရှိ နိုင်ငံ့သမ္မတ ဇီလန်စကီးဟာ ဒီစီးပွားရေးသမားနဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုမရှိကြောင်း ငြင်းဆို ထားပါတယ်။
Source/Photo-Reuters