Home
မြန်မာသတင်း
မြိုင် ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် နေရာ ၅ ခု ယနေ့ တပြိုင်တည်း တိုက်ခိုက်ခံရ
DVB
·
September 2, 2023

မကွေးတိုင်း၊ မြိုင်မြို့ပေါ်မှာ ​စက်တင်ဘာ ၂ ရက် ဒီနေ့ မနက်ပိုင်းက ရဲစခန်း၊ ထွေအုပ်ရုံး၊ စစ်ဆေးရေးဂိတ်တွေအပါအဝင် နေရာ ၅ ခုကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖဆီကနေ သိရပါတယ်။

မနက် ၉ နာရီခွဲလောက်က မြိုင်-ဗဟင်းလမ်း အထွက် စစ်ကောင်စီရဲ့ ကိုးဆောင် စစ်ဆေးရေးဂိတ်၊ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ မီးရထားဘူတာစစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လက်နက်ကိုင် တင်မောင်သန်းရဲ့နေအိမ်ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြတယ်လို့ မြိုင်မြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက်အပြန်အလှန် နာရီဝက်လောက် တိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဘက်က အသားစီနဲ့ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီခန့် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဝင်ရောက်ပစ်ခတ်ရာမှာ ထွက်ပြေးသွားလို့ နေအိမ်ကို ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိကျမသိရသေးလို့ ဆက်လက်စုံစမ်းနေပြီး စစ်ကောင်စီလက်အောက်ခံ အမှတ်-၃ ကျောင်းက Non CDM ဆရာ ဆရာမတချို့ကို ယာယီခေါ်ဆောင်ပြီး စစ်ကောင်စီ ပညာရေးယန္တရားနဲ့ မပတ်သက်ကြဖို့နဲ့ CDM ပြုလုပ်ကြဖို့ သတိပေးပြီး ပြန်လွှတ် ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်းတပ်ဖွဲ့တွေ၊ Earthquake PDF၊ စလင်းကြီး SSTF နဲ့ GOE အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြို့ပြစစ်ဆင်ရေးတွေ အရှိန်ဟုန်မြှင့်လုပ်ဆောင်ပြီး မကြာမီအချိန်အတွင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲမှာဖြစ်လို့ စစ်ရေးသတိရှိကြဖို့လည်း အသိပေးထားပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024