Home
မြန်မာသတင်း
တနင်္သာရီတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
DVB
·
September 2, 2023

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ယောက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ယောက် ကျဆုံးခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြိတ်ခရိုင်တပ်ရင်း ၂ က စက်တင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပြီး တိုက်ပွဲကြာချိန် ၁ နာရီလောက်ရှိပြီး စစ်ကောင်စီဘက်က တပ်သား ၄ ယောက် သေဆုံး၊ ၆ ယောက် ထိခိုက်ဒဏ်ရာရသလို ပြည်သူ့ကာကွယ်ရေး ဘက်က ၁ ယောက်ကျဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ညောင်ပင်ကွင်းတပ်ကနေ သိန္ဓောတပ်ဘက်ကို ရိက္ခာပို့ဖို့သွားတဲ့အချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းရရှိပြီး ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

PDF ရဲဘော်တယောက်က "နှစ်ဖက် ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်က နောက်ဆုတ် သွားပြီးနောက် အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ။ LPDF ဘက်က ရဲဘော်တယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရတယ်" လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ ၅၆၁ တပ်ရင်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သား လက်နက်ကြီးထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ဒေသခံ ပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိစွာ သွားလာကြဖို့နဲ့ စစ်ရေးအရှိန် မြှင့်တက်လာနိုင်တာကြောင့် ပြည်သူတွေရဲ့ လုံခြုံရေးကိုရှေးရှုပြီး မေတ္တာရပ်ခံ ထုတ်ပြန်ကြေညာထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024