Home
နိုင်ငံတကာ
ဂွါတီမာလာ၌ ရွေးကောက်ပွဲအနိုင်ရပါတီ ရပ်ဆိုင်းခံရ
DVB
·
September 2, 2023

ဂွါတီမာလာနိုင်ငံရဲ့ ရွေးကောက်ပွဲအာဏာပိုင်တွေက အနိုင်ရပါတီကို ရပ်ဆိုင်းလိုက်တာကြောင့် စက်တင်ဘာ ၁ ရက်မှာ ရွေးကောက်ခံ သမ္မတ ဘာနာဒို အာရီဗာလိုဟာ နိုင်ငံတော် အဖွဲ့အစည်းတွေကနေ ကြိုးကိုင်ထားတဲ့ အာဏာသိမ်းမှုကို ရှုတ်ချလိုက်ပါတယ်။ 

အသက် ၆၄ နှစ်အရွယ် သံတမန်ဟောင်း အာရီဗာလိုဟာ သြဂုတ်လ ၂၀ ရက်က ဒုတိယအကျော့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ သူ့ပါတီလည်း ရပ်ဆိုင်းခံရတာကြောင့် အသွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီး သံသယတွေ ကြီးထွားလာပါတယ်။

“ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ကို ငြင်းဆန်တဲ့ အကျင့်ပျက်နိုင်ငံရေးသမားတွေနဲ့ အရာရှိတွေအုပ်စု ရှိနေတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ပြီး ဒီမိုကရေစီကို ဖောက်ဖျက်ဖို့ စီမံချက်တခု စတင်လိုက်တာ” လို့ ဂွါတီမာလာ ရွေးကောက်ခံသမ္မတ အာရီဗာလို က ပြောပါတယ်။ 

ဒီလုပ်ရပ်တွေဟာ အာဏာသိမ်းမှုပဲဖြစ်ပြီး ဒီကိစ္စကို အစိုးရရှေ့နေ ၂ ယောက်နဲ့ သတ္တမမြောက် ရာဇ၀တ်တရားရုံး တရားသူကြီး ဖှရဒ်ဒီ အိုရီယာနာအပြင် ကွန်ဂရက်လွှတ်တော် ဘုတ်အဖွဲ့နဲ့ တခြား အကျင့်ပျက် ဒီမိုကရေစီဆန့်ကျင်ရေး လုပ်ဆောင်သူတွေက ဦးဆောင်ခဲ့တာ လို့လည်း ဆိုပါတယ်။ 

အစိုးရရှေ့နေတွေဟာ အရင်က သူ့ရဲ့ ဆယ်မီယာပါတီကို ရွေးကောက်ပွဲဝင်ခြင်းကနေ တားမြစ်ပိတ်ပင်ဖို့ ခြိမ်းခြောက်ခဲ့ဖူးတာကြောင့် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲခုံရုံးမှ တာဝန်ရှိသူတွေ ဟာ အနိုင်ရသူ အာရီဗာလိုကို မကြေညာသေးခင်မှာ ခုံရုံးအဖွဲ့ခွဲတခုကနေ သူ့ရဲ့ ဆယ်မီယာ ပါတီကို ဆိုင်းငံ့ထားကြောင်း အကြောင်းကြားခဲ့ပါတယ်။ 

ပါတီမှတ်ပုံတင်ခြင်းမှာ ချို့ယွင်းချက်ရှိနေတာလို့ဆိုပေမယ့်  ပါတီဆိုင်းငံ့ထားခြင်းရဲ့ သက်ရောက်မှု ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

ဒီတရားမ၀င် ဆိုင်းငံ့မှုကို အယူခံဝင်မယ် လို့ အာရီဗာလို က ပြောကြားခဲ့ပြီး အမေရိကန် ပြည်ထောင်စုများအဖွဲ့ (OAS) ကလည်း ဒီဆိုင်းငံ့မှုဟာ တရားမျှတမှု မရှိဘူး လို့ ဆိုပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024