Home
ဆောင်းပါး
စစ်မိန့်ဖီဆန် - တပ်တွင်း ပုန်ကန် - ပြောင်းလှည့် ကျည်ဆန် - အာဏာရှင် နိဋ္ဌိတံစေ
DVB
·
September 2, 2023

လူတယောက်အတွက် တန်ဖိုးအရှိဆုံးအရာဟာ အသက်ရှင်သန်ခွင့်ပဲ ဖြစ်ပါတယ်။ အသက်ရှင်နေသရွေ့ မိမိဘဝ တိုးတက်မြင့်မားခွင့်၊ ချမ်းသာကြီးပွားခွင့်၊ ပညာဆည်းပူးခွင့်၊ အောင်မြင်ကျော်ကြားခွင့် စတဲ့ မိမိရယူလိုတဲ့ ဘယ်အရာကိုမဆို ရရှိပိုင်ဆိုင်အောင် ကြိုးစားနိုင်ခွင့် ရှိပါတယ်။

လူသားတွေထဲမှာ အဲဒီလို တန်ဖိုးကြီးမားတဲ့ မိမိအသက်ခန္ဓာကို တရားမဲ့စွာ နိုင်လိုမင်းထက် ပြုကျင့်လာသူတွေကို ရင်ဆိုင်နှိမ်နင်းကြရတဲ့ တိုက်ပွဲတွေမှာ အမှန်တရားကို စောင့်ရှောက်ကာကွယ်ဖို့၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနဲ့ အများအကျိုးပြုနိုင်တဲ့ ယုံကြည်ချက်၊ အယူဝါဒလမ်းစဉ်နဲ့ သမိုင်းပေးတာဝန် စတဲ့ စစ်မှန်လေးနက်တဲ့ အရေးအရာအတွက် စွန့်လွှတ်ကြရတဲ့အခါ အာဇာနည်သူရဲကောင်းတွေအဖြစ် သတ်မှတ်ဂုဏ်ပြုခံရပြီး သမိုင်းမှတ်တမ်းဝင်ကြလေ့ ရှိပါတယ်။

ဒါပေမဲ့ ကံဆိုးမိုးမှောင်ကျပြီး အများပြည်သူအပေါ် တရားမဲ့စွာ နိုင်လိုမင်းထက် ပြုကျင့်သူတွေဖက် အနေအစားချောင်လို့ ရောက်ရှိခဲ့ရပြီး အဓမ္မဝါဒီတွေကို အလုပ်အကျွေးပြုလို့ အကုသိုလ် ဒုစရိုက်တွေ ကျူးလွန်ခဲ့ရင်း အသက်ဆုံးပါးခဲ့ရသူတွေကတော့ အချည်းအနှီး အကျိုးမဲ့စွာ အသက်ကုန်ရရုံသာမက ပြည်သူက အမျှမဝေလိုတော့တဲ့အထိ ကျက်သရေမဲ့စွာ စွန့်ပစ်ခံကြရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက် မနက် ၄ နာရီ လောက်မှာ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနား စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ ညောင်လေးပင်၊ ပိန်းဇလုပ်က အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို စစ်တပ်က ပြန်လာမကောက်ဘဲ စွန့်ပစ်ထားခဲ့ကြောင်း၊ လက်နက် ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သတင်းမီဒီယာတွေထံ သတင်းပို့ခဲ့ပါတယ်။

ဒါဟာ အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ သူတို့အာဏာ တည်မြဲဖို့ သူတို့လက်ပါးစေ လူမိုက်တွေကို ထိုးကျွေးစတေးနေရုံသာမက တိရစ္ဆာန်တွေလောက်တောင် တန်ဖိုးမထားတာမို့ အောက်ခြေစစ်ဗိုလ်စစ်သားတွေဟာ ခွေးသေ ဝက်သေ သေကြရတာပဲ ဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်တတ်တဲ့ လူ့သဘာဝအမှန်အတိုင်းဆိုရင် ဘယ်သူမှ ကိုယ့်အသက်ကို အခုလို အကျိုးမဲ့စွာ အချည်းနှီး အသေမခံကြပါဘူး။ ဖက်ဆစ်တပ်ဟာ သူ့စစ်သားတွေကို သတင်းအမှောင်ချ၊ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ပြီး တိုင်းပြည်ရန် ကာကွယ်နေရတယ်လို့ လိမ်ညာပြီး စစ်အာဏာရှင်တွေအတွက် အသက်သေခိုင်းနေတာ ဖြစ်ပါတယ်။  

ဒါပေမဲ့ အမှန်တရားကို ကြာရှည်ဖုံးကွယ်ထားလို့ မရပါဘူး။ အခုဆို အခြေအနေအမှန်ကို သိလာကြတဲ့ စစ်ဗိုလ်စစ်သားတွေဟာ စစ်မိန့်ဖီဆန်-တပ်တွင်းပုန်ကန်လာကြတဲ့ သတင်းတွေ ထွက်လာခဲ့ပါပြီ။ တပ်တွင်းမှ ထွက်ပြေးကြသူတွေ များပြားလာနေပြီး အမိန့်မနာခံမှုတွေ၊ အမိန့်ဖီဆန်လို့ စစ်တိုက်ရန် ငြင်းဆန်မှု‌တွေ၊ တပ်ရင်းအလိုက် လက်နက်ချမှုတွေ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့က ပခုက္ကူမြို့မှချင်းပြည်နယ် မင်းတပ်-မတူပီဘက်သို့ တက်လာခဲ့တဲ့ စစ်ကောင်စီယာဥ်တန်း ၈၅ စီးအနက် ဘလက်နက်ခဲယမ်းအပါအဝင် ရိက္ခာတင်ပို့လာသော ယာဥ်တန်း ၃၅ စီးဟာ မိုင်းဆွဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်တာကြောင့် အမိန့်ဖီဆန်ပြီး မင်းတပ်မြို့မှ ကျောက်ထုမြို့ အမြောက်တပ်ထဲသို့ နောက်ကြောင်းပြန်လှည့်သွားကြောင်း CDF-မင်းတပ်ထံက သိရသည်။ CDF-မင်းတပ်နဲ့ CDF-မတူပီတို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှု ခဏခဏ ကြုံရပြီး နောက်ပိုင်း မင်းတပ်မြို့ကနေ လှည့်ပြန်တာဆိုရင် ခုအကြိမ်နှင့်ပါ နှစ်ကြိမ်ရှိနေပြီဟု CDF-မင်းတပ်သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနမှ တာဝန်ခံက ပြောကြားထားပါတယ်။

အလားတူပဲ မင်းတပ်မြို့ကို ထွက်လာတဲ့ ယာဥ်တန်းကို ယောဒေသခံအဖွဲ့အချို့နှင့် CDF-မင်းတပ်တို့က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ များပြားပြီး ယာဥ်နှစ်စီး ပျက်စီးခဲ့ကြောင်းသိရပါတယ်။ မင်းတပ်၊ မတူပီလမ်းဟာ စစ်ကောင်စီတပ်တွေရဲ့ သေမင်းတမန်လမ်းလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်လို့ CDF-မင်းတပ် သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနမှ တာဝန်ခံက ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်သတင်းမှာလည်း ကချင်ပြည်နယ်၊ ရှေ့တန်း စစ်မြေပြင်တွင် ရောက်ရှိနေတဲ့ ချောက်မြို့နယ်၊ ခလရ ၁၃ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် စစ်သား ၉ ဦးဟာ စစ်ဆင်ရေးက ရွှေထွက်တဲ့နေရာပတ်ပတ်လည် မိုင်းတွေထောင်ထားတာကို သေဆုံးမှု အလွန်များနေပြီး မိုင်းကွင်းတွေရှိတဲ့ နေရာတွေကို စစ်ကြောင်းထိုးခိုင်း အထက်က မရမက တက်တိုက်ခိုင်းလို့ သေမယ့် အတူတူ ထောင်ပဲ အကျခံမယ်ဆိုပြီး မတိုက်တော့တာ။ တပ်ရင်းမှူး အပါအဝင် ၉ ဦးကို တစ်နေရာဆီချုပ်ထား နောက်တန်းမှာ ကျန်ခဲ့တဲ့ မိန်းမတွေကို တပ်ထဲကနေ ပြန်ခိုင်းတော့မယ် သိရတယ်လို့ တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုခဲ့ပါတယ်။

အရင်ကတော့ ၁၀ တန်းစာမေးပွဲအောင်တဲ့အခါ လူငယ်တွေဟာ အလုပ်အကိုင်ရဖို့ တခြား ရွေးချယ်စရာ မရှိတဲ့အတွက် စစ်တပ်ကဖွင့်လှစ်တဲ့ စစ်တက္ကသိုလ်တွေမှာသာ အဓိက လျှောက်ထား တက်ရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ NLD အရပ်သားအစိုးရလက်ထက် ၂၀၁၅ နောက်ပိုင်းမှာတော့ လူငယ်တွေအတွက် ရွေးချယ်စရာ အလုပ်အကိုင်အခွင့်အလမ်းတွေ များပြားလာခဲ့တာကြောင့် အဲဒီ စစ်ဘက်တက္ကသိုလ်ကျောင်းတွေကို တက်ရောက်ဖို့ လူငယ်တွေ စိတ်ဝင်စားမှု နည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။

အရင်ကတော့ DSA ကျောင်းကိုတော့ နှစ်စဉ်ဗိုလ်လောင်းအသစ်အဖြစ် ဝင်ရောက်လာသူ ဦးရေမှာ ၁၀၀၀ နဲ့ အထက်အထိရှိခဲ့ပေမဲ့ အာဏာလုယူခဲ့ပြီးနောက်ပိုင်း ဗိုလ်လောင်း ၁၀၀ ဝန်းကျင်နဲ့ တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) ကို ရောက်ရှိလာသူ ဗိုလ်လောင်း ၆၀ ခန့်သာရှိတယ်လို့ တပ်မတော် နည်းပညာတက္ကသိုလ်(DSTA) တက်ရောက်နေဆဲဖြစ်တဲ့ ဗိုလ်လောင်းတဦးရဲ့ မိသားစုဝင်တဦးဆီက သိရပါတယ်။

ဩဂုတ် ၁၉ ရက်နေ့သတင်းမှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA ဌာနချုပ်အနီးရှိ နမ့်ဆန်ယန်ဒေသကို ထိုးစစ်ဆင်ဖို့ ငြင်းဆန်လို့ ရှေ့တန်းကနေ ပြန်လှည့်လာပြီး အာဏာဖီဆန်ခဲ့တဲ့ စစ်ကောင်စီတပ် ၊ တပ်မ(၁၁) လက်အောက်ခံတပ်ခြေလျင်တပ်ရင်း ခလရ-၁၂၊ ခလရ-၁၃ နဲ့ ခြေမြန်တပ်ရင်း ခမရ ၄၁၁ တို့မှ တပ်ရင်းမှူး သုံးဦးကို ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီး အရေးယူခဲ့တယ်လို့ သိရပါတယ်။ လှည့်ပြန်လာတဲ့ တပ်ရင်းနေရာကို အစားထိုးပြီး ခလရ-၃၇ နဲ့ ခမရ-၃၇၈ တပ်ရင်းများကို စေလွှတ်ခဲ့ရတာမို့ အဆိုပါတပ်ရင်းမှူးတွေဟာ ရှေ့တန်းကို သွားရောက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ဩဂုတ် ၁၅ ရက်နေ့မှာ ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

နောက်တမှုကတော့ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် အမှတ်(၁) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးသူရိန်သည် ရှေ့တန်းမှ ထွက်ပြေးစဉ် စစ်ကောင်စီမှ ပြန်လည်ဖမ်းဆီးကာ မေလ ၃၁ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ပိတ်သိမ်းဖို့ စီစဉ်ခဲ့ကြတယ် သိရပါတယ်။

ဒုတိယဗိုလ်မှူးကြီးသူရိန်ဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်တုံးက ကရင်နီ၊ ဒီးမော့ဆိုမြို့နယ်တွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ တပ်မ (၆၆) လက်အောက်ခံ ခလရ-၁ တပ်ရင်းမှ ဗိုလ်ကြီးမင်းခန့်ကျော်နှင့် စစ်သား လေးဦး သေဆုံးခဲ့တာကို မြင်တွေ့ပြီးနောက် သွေးပျက်လို့ ထွက်ပြေးခဲ့တာဖြစ်ပြီး သူ့ကို မေလ ၂၈ ရက်နေ့မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒါအပြင် စစ်အကြမ်းဖက်ကောင်စီဟာ ဇူလိုင် ၁၃ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ဖားကန့်တပ်မမှူးနဲ့ အခြားသော စစ်ဘက်အရာရှိနှစ်ဦးကို နေပြည်တော်က ဖမ်းဆီးပြီး ရာထူးမှ ဖယ်ရှားမှုများပြုလုပ်ပြီး ဇာတ်တူသား စားခဲ့ပါသေးတယ်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းကျော်သူ နှင့် တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်က လာသော အထူးအဖွဲ့က လာရောက် ဖမ်းဆီးခဲ့တယ်လို့ စစ်ဘက်သတင်းအရင်းအမြစ်တခုက သတင်းပေးခဲ့ပါသေးတယ်။

ဒီဆောင်းပါး ကိုနိဂုံးချုပ်ရရင် ပြည်သူနဲ့ စစ်ခင်းရတာမို့ အချိန်ကြာလာတာနဲ့အမျှ အဘက်ဘက်မှာ အရေးနိမ့်လာခဲ့တဲ့ အာဏာလုစစ်အကြမ်းဖက်တပ်က စစ်ဗိုလ်စစ်သားတွေဟာ အာဏာရှင် ဗိုလ်ယုတ်ကြီးတွေ အာဏာတည်မြဲဖို့အရေး စတေးခံရပြီး သူတို့ရဲ့ အသက်နဲ့ ဘဝတွေ အချည်းနှီး မဆုံးရှုံးရစေဖို့ စစ်မိန့်ဖီဆန် - တပ်တွင်းပုန်ကန်လို့ ပြည်သူ့ရင်ခွင်ထံ ပြန်လည်ခိုဝင်လာနေကြပြီ ဖြစ်ပါတယ်။

မိဘပြည်သူအပေါ် သစ္စာဖောက်ခဲ့ပြီး အာဏာရှင်ထံ သစ္စာခံခဲ့လို့ နိုင်ငံကို ပုန်ကန်တဲ့ အပြစ်ကြွေးကို ပြန်လည်ပေးဆပ်နိုင်ဖို့ မိမိတို့ရဲ့ သေနတ်ပြောင်းတွေကို သမ္မတရူး မင်းအောင်လှိုင်နဲ့ နောက်‌တော်ပါ လူမိုက်ဗိုလ်ချုပ် လက်တဆုပ်စာဘက်လှည့်ပြီး ပြည်သူနဲ့ လက်တွဲလို့ အာဏာရှင်စနစ်ကို နိဋ္ဌိတံစေခြင်းကသာ အမှန်ကန်ဆုံး လုပ်ရပ်ဖြစ်ရုံမက သမိုင်းကောင်းကိုလည်း ရေးထိုးနိုင်မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024