ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စက်တင်ဘာ ၁ ရက်နေ့က ဘောလုံးပွဲသွားကြည့်ပြီး ပြန်လာကြတဲ့ ကျောင်းသားကျောင်းသူတွေ ထူးထူးဆန်းဆန်း အသက်ရှူကြပ် သတိလစ်သွားကြပါတယ်။
မနေ့ညနေက သံတွဲဘောလုံးကွင်းမှာ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အ.ထ.က ဂျိတ္တောနဲ့ အ.ထ.က ကင်းမော်တို့ယှဉ်ပြိုင်ခဲ့ပြီး အ.ထ.က ဂျိတ္တောက အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက် ပွဲကိုလာရောက်အားပေးတဲ့ ကင်းမော်ကျောင်းရဲ့ပရိသတ်ကျောင်းသားကျောင်းသူတွေဟာ အိမ်ပြန်ပြီးနောက် သတိလစ်ကြတာပါ။
ထူးခြားတာက အိမ်ကိုပြန်ရောက်ပြီးနောက်မှာမှ တခြားကျောင်းသားကျောင်းသူတွေ အဲဒီလိုဖြစ်တယ်လို့ သိလိုက်ရတဲ့ ကျောင်းသားကျောင်းသူတွေဟာလည်း အသက်ရှူကြပ်ပြီး သတိလစ်တာမျိုးတွေဖြစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆေးရုံရောက်စမှာ ကူညီခဲ့သူတယောက်က "ပထမတော့ တုတ်တုတ် ၃ စီး လောက်နဲ့ရောက်လာတာ။ ပုံစံက သတိလစ် မျောနေကြသလိုမျိုး။ ဘာဖြစ်မှန်းလည်း မသိဘူး။ အဲဒါပြီးတာနဲ့ နောက်ထပ် ကားတွေနဲ့ရော တုတ်တုတ်တွေနဲ့ရော ရောက်လာကြတာ။ ဆေးရုံရှေ့တခုလုံး လူတွေပြည့်သွားတာပဲ။ တချို့ကလည်း သတိလစ်ပြီး တက်သွားတယ်။ ကျောင်းသား ကျောင်းသူ ၅၀ လောက်ရှိမယ်ထင်တယ်။ အဲအချိန်မှာက ဆရာဝန်တယောက်ပဲရှိနေတော့ သူလည်း ကျောင်းသားတွေကို အဆောင်တွေမှာခွဲ နေရာချခိုင်းတာပဲလုပ်နိုင်တယ်" လို့ပြောပါတယ်။
အဲဒါပြီးတော့ သက်သာလာတဲ့ ကျောင်းသူတချို့ပြန်သွားကြပြီး ၈ နာရီလောက်မှာ လူနည်းသွားပေမဲ့ မကြာခင်မှာပဲ အိမ်ပြန်ရောက်ပြီးမှ ပြန်သတိလစ်လို့ တချို့ဟာ ဆေးရုံကို ပြန်ရောက်လာခဲ့ပါတယ်။
ဒေသခံတယောက်က "၁၀ နာရီ လောက်အထိ ဆေးရုံကိုလာတဲ့သူရော ဆင်းသွားတဲ့ သူရော ရှိနေတုန်းပဲ။ တယောက်ဆို ဆေးရုံကဆင်းသွားတဲ့ကားက ဆေးရုံဝန်းထဲကတောင် အပြင်ကို မရောက်သေးဘူး။ ကျောင်းသူက ပြန်သတိလစ်သွားတော့ ဆေးရုံပြန်တင်ရတယ်။ ၁၀ နာရီကျော်မှာလည်း အိမ်ပြန်ရောက်ပြီးတဲ့ ကျောင်းသူတယောက် ဆေးရုံကို ပြန်ရောက်လာတယ်။ သူတို့ကို အောက်စီဂျင်ပေးထားတယ်" လို့ပြောပါတယ်။
ဆေးရုံရှေ့မှာ သတင်းလာမေးသူတွေ၊ စိတ်ဝင်စားလို့လာကြည့်ကြသူတွေနဲ့ ပြည့်လျှံနေပြီး ရဲတွေလည်းလာရောက် စောင့်ကြပ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်သူ အများစုဟာ ကျောင်းသူတွေဖြစ်ကြပြီး ကျောင်းသား ၂ ယောက် လောက်ပဲပါတယ်လို့သိရပြီး ဘာဖြစ်တယ်ဆိုတာကိုတော့ ဆရာဝန်တွေက မှတ်ချက်မပေးထားဘူးလို့ ကျောင်းသူတယောက်ရဲ့ မိသားစုဝင်က ပြောပါတယ်။
"အသက်ရှူကြပ်တယ်၊ မျက်နှာတွေယားတယ်လို့ ပြောတယ်။ မူးယစ်ဆေးဝါး သုံးထားရင်ဖြစ်တဲ့ခံစားမှုတွေပြောပြပြီးမေးကြည့်တော့ အဲလိုလည်း မဖြစ်ဘူး တဲ့။ ဒါပေမဲ့ အသိလွတ်နေသလိုပဲ။ မေးရင်လည်း ပြန်ဖြေချင်မှဖြေတယ်။ ကိုယ်တိုင် လမ်းမလျှောက်နိုင်တာမျိုးလည်းတွေ့ရတယ်။ သတိလစ်ပြီး ပင်ပန်းနေသလိုမျိုး” လို့ ပြောပါတယ်။
အခုဖြစ်တဲ့ကျောင်းသားတွေဟာ ဇာဒီပြင်ရွာ၊ ကျောင်းတိုက်ရွာ၊ ကင်းမော်ရွာ၊ ကျောက်ဆိပ်ရွာ စတဲ့ရွာတွေက ဖြစ်ပြီး ဘောလုံးကွင်းကိုလာတဲ့အချိန် ကားကို အမိုးအကာနဲ့ အလုံပိတ်သလိုဖြစ်တာကြောင့်လို့ ဒေသခံတချို့ကပြောပြီး ဆေးရုံကိုရောက်လာတဲ့ကျောင်းသူတွေထဲမှာတော့ အမိုးဖွင့်ကားနဲ့ သွားလာခဲ့သူတွေလည်း ပါပါတယ်။