စစ်တပ်အာဏာသိမ်း ၂ နှစ်ခွဲအတွင်း စစ်တပ်ကအပြစ်မဲ့ပြည်သူ အယောက် ၄,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲက ၁၁ ဒသမ ၂ ရာခိုင်နှုန်းအဖြစ်တဲ့ ၄၄၉ ယောက်က အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်တယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁ ရက်အထိ အေအေပီပီကနေ ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံးအချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၆၀၈ ယောက်နဲ့ ၁၅ ဒသမ ၆ ရာခိုင်နှုန်း၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁,၃၄၇ ယောက်နဲ့ ၃၅ ဒသမ ၅ ရာခိုင်နှုန်းလောက်ထိ မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကျဆုံးပြည်သူစာရင်းတွေကို ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ စစ်ကိုင်းတိုင်းက အယောက် ၁,၅၀၀ ကျော်နဲ့ ရာခိုင်နှုန်း ၄၀ ကျော် ပါဝင်နေတယ်လို့ သိရပြီး အဲဒီနောက်မှာတော့ မန္တလေး၊ ရန်ကုန်၊ မကွေးနဲ့ ပဲခူးတိုင်းတွေက ကျဆုံးပြည်သူဦးရေ အများဆုံး ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေး ၂ နှစ်ခွဲနီးပါး ကာလတွေအတွင်း စုစုပေါင်း ပြည်သူ ၂၄,၅၈၆ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၉,၉၀၁ ယောက်ကတော့ လက်ရှိအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေ ၂၀ ရာခိုင်နှုန်းကျော် ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၃ ရာခိုင်နှုန်းနီးပါး ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေ အပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အ ကြမ်းဖက်မှုတွေလည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် မြန်မာပြည်သူ ၁ ဒသမ ၉ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။