Home
မြန်မာသတင်း
လွိုင်ကော်နှင့် ဒီးမော့ဆိုကို လေယာဉ်ဖြင့် ဗုံးကြဲ၊ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၃ ဦး သေဆုံး
DVB
·
September 1, 2023

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ ဩဂုတ် ၃၁ ရက် တရက်တည်းမှာ စစ်ကောင်စီတပ်က  လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မသန်စွမ်းအမျိုးသမီး  အပါအဝင် ဒေသခံပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ မနက် ၁၀ နာရီခွဲလောက်မှာ   တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးဗြဲမြို့ အခြေစိုက်တဲ့ စစ်ကောင်စီတပ် ခမရ ၄၂၂ တပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာအုပ်စုက  ဆော်ခီးဒေါကျေးရွာက မသန်စွမ်းအမျိုးသမီး နေထိုင်တဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံ တဦးက ပြောပါတယ်။

“ဒီမသန်စွမ်းအမျိုးသမီးက ပွဲချင်းပြီး သေဆုံးသွားတာပေါ့နော်။ လက်နက်ကြီးက အိမ်ခေါင်မိုးပေါ် တည့်တည့်ကျရင်းလည်း ပွဲချင်းပြီးသွားတာ ပြီးတော့ဆေးရုံမှာရောက်ရင်းနဲ့ နောက်မှ ထပ်ဆုံးတာ တယောက်ပေါ့နော်။ သေဆုံးတဲ့အမျိုးသားက ကျောင်းဆရာပေါ့နော်။”

စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄ လုံးဟာ လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စုထဲက ဆော်ခီးဒေါရွာ ၂ လုံးကျရောက်ခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး ထိမှန်ပြီး ထိခိုက်မိသူထဲက နှစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့ မသန်စွမ်းအမျိုးသမီးဟာ အသက် ၃၈ နှစ်ရှိပြီး အမျိုးသားကတော့ အသက် ၄၇ နှစ်အရွယ် ကျောင်းဆရာဖြစ်ကြောင်းလည်း ဒေသခံက ပြောပြပါတယ်။

နောက်ထပ် ဒေသခံအမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး‌ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံက ပြောပြပါတယ်။

“ဒီဆော်ခီးဒေါရွာကကျတော့တခါမှ မကြားဖူးတဲ့နေရာပေါ့နော်။ တသက်သက်မဲ့ပစ်လာတာလို့ပဲ ထင်တယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ အရှေ့တရက်လောက်က အဲနားတကျောက ဓာတ်တိုင်လဲလို့ဆိုပြီး အဲလို လျှောက်ထုတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။”

အခင်းဖြစ်ပွားတဲ့ဆော်ခီးဒေါကျေးရွာဟာ  အိမ်ခြေ ၁၅၀ လောက်ရှိသလို ကရင်နီပြည်တွင်း စစ်ဖြစ်နေတဲ့ဒေသတချို့က စစ်ဘေးရှောင်တချို့အဲဒီရွာမှာ သွားရောက်ခိုလှုံတာတွေ  ရှိတယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေထဲကို အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်ခဲ့ တဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

အလားတူ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်း တနေရာကို မနေ့ဩဂုတ်လ ၃၁ ရက် မနက်ပိုင်း ၇ နာရီလောက်က  စစ်ကောင်စီက တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ စစ်ရှောင်အမျိုးသား ၃ ဦးထိမှန်ကာ ၁ ဦး သေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာ ရခဲ့ရပါတယ်။

ဒီဗုံးကြဲမှုအတွင်း စစ်ဘေးရှောင်နေအိမ် ၃ လုံးနဲ့  ကျောင်းဆောင် တဆောင် ပျက်စီးသွားခဲ့သလို  စစ်ကောင်စီကြဲချတဲ့ ဗုံးအမျိုးအစားဟာ ထပ်ဆင့်ကွဲ ဗုံးတွေဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့ မနက် ၄ နာရီမှ ၄ နာရီ မိနစ် ၄၀  အတွင်း စစ်ကောင်စီ လေယာဥ်တွေဟာ  ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်နဲ့ ပြည်သူတွေ နေထိုင်တဲ့  ကျေးရွာအနီး သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024