ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းမှာ ဩဂုတ် ၃၁ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်ကနေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံ ရွာသား ၅ ယောက်ကိုသတ်ဖြတ်လိုက်တယ်လို့ ကေအန်ယူ တပ်မဟာ ၃ တာဝန်ရှိသူက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်အတွင်း ကျောက်ကြီးနဲ့ မုန်းမြို့နယ်အတွင်းက သစ်ချဆိပ်၊ ဖိုးသောင်းစု၊ မျက်ရဲ၊ ကြပ်တက်၊ ညောင်ပင်၊ သမ္မာန်ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲပြီးနောက် မြေပြင်ကနေ စစ်ကောင်စီရဲ့ ခမရ ၅၉၉ တပ်နဲ့ ပူးပေါင်းတပ်တွေက ကျေးရွာတွေအတွင်းမှာ တပ်စွဲနေပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရပြီး ကြပ်တက်၊ ညောင်ပင်ကျေးရွာက နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့ရသလို ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် သမ္မာန်ရွာနဲ့အနီးနားရွာက ပြည်သူပိုင်ပစ္စည်းတွေ၊ ဆိုင်ကယ်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေကို ကားပေါ်တင်ဆောင်ပြီး ခိုးယူသွားတယ်လို့ တပ်မဟာ ၃ တာဝန်ရှိသူက ပြောပါတယ်။
”ဒေသခံတွေက ပြေးနိုင်သလောက်ပြေးနေပြီ။ အဲနားမှာ တိုက်ပွဲတွေက ထပ်ဖြစ်နေတယ်။ တပ်တွေက ရွာထဲမှာတပ်စွဲနေတယ်။ ထပ်ပြီး မြေပြင်အခြေအနေတွေကို စုံစမ်းနေတယ်။”
ဩဂုတ် ၃၀ ရက်က ကျောက်ကြီး၊ မုန်း၊ ရွှေကျင်မြို့နယ်အတွင်းကို စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် နယ်မြေလုံခြုံရေးရယူထားတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ဒီနေ့လည်း စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်တွေက လက်နက်ကြီးအပြင် လေကြောင်းကနေ ကျေးရွာတွေအတွင်းကိုပါ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ကျေးရွာ ၄၀ ကျော်က ဒေသခံပြည် သူ ၁၀၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ မိုးကာလ လမ်းပန်ဆက်သွယ်ရေးခက်ခဲတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။