Home
မြန်မာသတင်း
ခန္တီးနှင့် ဟုမ္မလင်းတွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်၊ ရွှေမျောလုပ်ငန်း ရပ်တန့်
DVB
·
September 1, 2023

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တို့မှာ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ လူသုံးကုန်နဲ့ လောင်စာဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး ဆန်၊ လောင်စာဆီ ဝယ်မရလို့ ရွှေမျောလုပ်ငန်းတချို့ ရပ်တန့်ထားကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေမျောလုပ်ငန်းရှင်တဦးက “လုံးသွယ်‌မွှေး ဆန်တအိတ်ကို ကျပ် ၁၈၀,၀၀၀/၂၀၀,၀၀၀ ဝန်းကျင် ဈေးရှိတယ်။ ဒီဇယ်တပေပါကို ကျပ် ၁၀ သိန်းဝန်းကျင်ရှိတယ်။ တခြား ခရမ်းချဉ်တို့ ကြက်ဥတို့ဆို ဝယ်လို့တောင်မရတော့ဘူး။ ရွှေဈေးကောင်းပေမဲ့ ဆီဈေးနဲ့ ပေးရကမ်းရတာနဲ့ အဆင်မပြေတော့ မျောလည်း ရပ်ထားရတယ်။ အဝေးက မပြန်နိုင်တဲ့ လုပ်သားတွေတော့ တင်ကျွေးထားရတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက “မနှစ်က ဆန်တအိတ် ကျပ် ၈၀,၀၀၀ ကျော်သာရှိပြီး အခုနှစ် ဩဂုတ်လကုန်ပိုင်းအတွင်းမှာ ထက်ဝက်မြင့်တက်ခဲ့သလို ဒီဇယ် စက်သုံးဆီဈေးနှုန်းလည်း ခေါက်ချိုးတက်ကာ လက်လီ ဂါလံချင့်ဈေးနှုန်းမှာလည်း တရက်တဈေး ဖြစ်လာတယ်။ အရင်ရက်က ဒီဇယ်တဂါလံ ကျပ် ၁၈,၀၀၀ ဆို နောက်ရက် ကျပ်  ၁၉,၀၀၀/၂၀,၀၀၀ ဈေးနဲ့ ဝယ်ရတယ်” လို့ ပြောပါတယ်။

ဒေသခံ အိမ်ရှင်မတဦးကလည်း “ပဲဆီ တပိဿာ  ၁၆,၀၀၀/၁၇,၀၀၀၊ ခရမ်းချဉ်သီး တပိဿာကို ၂၀,၀၀၀ တဲ့၊ အစိတ်သားယူ ၅,၀၀၀၊ ကြက်သွန်ဖြူတပိဿာ ၁၈,၀၀၀၊ ကြက်ဥကဆို ဝယ်လို့တောင်မရဘူး၊ ဘယ်နှယ့်လုပ်ကြမတုန်း၊ ကျမတို့ ဟုမ္မလင်းဘက် ပိုဈေးတက်နေတယ်။ အလုပ်ကမဖြစ် ဝင်ငွေကမရှိနဲ့ ကြာရင် ငတ်ကုန်ကြတော့မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ကိုင်းတိုင်း အထက်ပိုင်းကို ပြေးဆွဲနေတဲ့ ခရီးသည်နဲ့ ကုန်တင်လိုင်းကားတွေ၊ အမြန်ရေယာဉ်တွေ ပြေးဆွဲတာ ရပ်နားထားရတယ်လို့ နီးစပ်သူ ကုန်သည်တွေက ပြောပါတယ်။

မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ စစ်တပ်ထောက်ပို့ ရေယာဉ်အုပ်စု ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆန်တက်လာရာ မြစ်ကမ်းဘေး ဝဲ/ယာရှိ ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ် ဆန်တက်လာလို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေကလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်ကြရာ ကုန်တင်စက်လှေတွေ၊ ရေနံတင်မော်တော်တွေ မထွက်ခွာဘဲ ရောက်တဲ့နေရာမှာ ရပ်တန့်ထားကြတယ်။ 

ခရီးသည်နဲ့ ကုန်တင်လိုင်းကားတွေမှာလည်း တိုက်ပွဲအခြေအနေနဲ့ မိုးတွင်း လမ်းတံတားတွေ ပျက်စီးနေတာကြောင့် ကားဂိတ်တွေ ရပ်နားထားရတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024