ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲရှိ ဘီဖာဂျိုင်ရွာမှာ ဩဂုတ် ၃၀ ရက် ည ၈ နာရီကျော်လောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့က စစ်သားလိုက်စုဆောင်းချိန် တံခါး အမြန်မဖွင့်လို့ အမျိုးသား ၁ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်သားလာစုဆောင်းတဲ့ ကိုးကန့်အဖွဲ့က ဘီဖာဂျိုင်ကရွာက နေအိမ်တအိမ်ကို တံခါးဖွင့်ဖို့ပြောပေမဲ့ အိမ်ရှင်တွေက တံခါးမြန်မြန်မဖွင့်တာကြောင့် ပစ်လိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။ အိမ်ရှင်တွေက ဓားပြထင်ပြီး အော်မေးကာ တံခါး မြန်မြန်မဖွင့်ပေးကြတာလို့ ဆိုပါတယ်။
အသက် ၂၁ နှစ်အရွယ် ကလေးအဖေ ဦးဇောင်းလဖောက် ဇောင်းဒေါင်ဝ်ဟာ ရင်ဘတ်မှာ ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားပြီး သူ့ရဲ့ အစ်ကိုဖြစ်သူကတော့ ဒဏ်ရာပဲရသွားတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတဦးက ပြောပါ တယ်။
“တံခါးဖွင့်၊ တံခါးဖွင့်လို့ ခေါ်တော့ မဖွင့်လို့၊ တံခါးဖွင့်နောက်ကျနေလို့ အဲဒီကိုးကန့်တွေ ပစ်လိုက်တာမှာ သူ့ညီကိုထိပြီး သေသွားတာ။ သူ့လက်လည်း ထိသွားတယ်”လို့ ပြောပါတယ်။
အစ်ကိုဖြစ်သူ ကိုလဖောက်ဇောင်းခေါင်ရဲ့ လက်ကိုလည်း ကျည်ထိသွားလို့ တာမိုးညဲဆေးရုံ ရောက်နေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်နဲ့ ကွတ်ခိုင်ခရိုင်တွေမှာ ကိုးကန့် MNDAA ကလည်း စစ်သားစုဆောင်းတာရှိသလို KIA၊ TNLA အဖွဲ့တွေကလည်း စစ်သားစုဆောင်းတာ ရှိပါတယ်။