ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်း ရနောင်းခရိုင်နဲ့ ကပ်လျက်က ချွန်ဖော်ခရိုင်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၁ဝ ယောက်ကို ထိုင်းစစ်ဆေးရေးအဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေမြန်တပ်ရင်းက ထုတ်ပြန်ပါတယ်။
သြဂုတ် ၃ဝ ရက်က ချွန်ဖော်ခရိုင်၊ ပါထိယူမြို့နယ်၊ ခေါင်ချွိုင်ရရတ်ကျေးရွာအနီး လမ်းမပေါ်မှာ မောင်းနှင်နေတဲ့ မသင်္ကာဖွယ်ရာ ပစ်ကပ်ကားတစင်းကိုတွေ့ရှိခဲ့ရလို့ စစ်ဆေးရာကနေ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့မြန်မာတွေကို ဖမ်းဆီးရမိလိုက်တာပါ။
ဖမ်းဆီးရမိသူတွေက မြန်မာနိုင်ငံကလာရောက်တဲ့ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၆ ဦးနဲ့ ထိုင်းလူမျိုး ယာဥ်မောင်း ၁ ဦးတို့ဖြစ်ပြီး စစ်ဆေးရာမှာ စူရတ်ဌာနီခရိုင်ကိုပွဲစားက တဆင့်သွားရောက် အလုပ်လုပ်ကိုင်မှာဖြစ်တယ်လို့ ထွက်ဆိုကြပါတယ်။
ပွဲစားခအဖြစ် တဦးလျင် ထိုင်းဘတ်ငွေ ၁၅,၀၀၀ စီပေးဆောင်ရပြီး တဝက်ကို အရင်ချေထားကာ အလုပ်လုပ်ကိုင်မယ့် နေရာကိုရောက်ရင် ကျန်တဝက်ကိုပေးချေရမှာဖြစ်တယ်လို့ဖော်ပြထားပြီး ဖမ်းဆီးရမိသူတွေရဲ့ အသက်၊ နာမည်နဲ့ လာရောက်တဲ့နေရာ နောက်ဆက်တွဲတွေကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကြာလာတာနဲ့အမျှ ပြည်တွင်းကုန်စျေးနှုန်းမြင့်တက် စီးပွားရေးကျပ်တည်း၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ရွေ့ပြောင်းလုပ်သားတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ တရားဝင် အလုပ်လုပ်ဖို့ ကြိုးစားနေကြပေမဲ့ ပတ်စပို့စာအုပ် စျေးနှုန်းမြင့်တက်ကာ အချိန်ကြာမြင့်မှုတွေကြောင့် တရားမဝင် တောလမ်းတွေကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရာကနေ မကြာခဏဆိုသလို ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံနေရတာဖြစ်ပါတယ်။
Source-အမှတ် ၂၅ ခြေမြန်တပ်ရင်း(ရနောင်း)