Home
မြန်မာသတင်း
ဖိနှိပ်ခံမြန်မာအလုပ်သမားများအကြောင်း ရုပ်သံမှတ်တမ်းရိုက်ခဲ့သဖြင့် တရားစွဲခံရသည့် ထိုင်း ၃ ဦး တရားသေလွတ်
DVB
·
September 1, 2023

ထိုင်းနိုင်ငံရှိ ကြက်ခြံမှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ လူ့အခွင့်အရေးချိုး ဖောက်ခံနေရမှုကို ရုပ်သံ​မှတ်တမ်းရိုက်တင်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တဲ့အတွက် တရား​စွဲဆိုခံထားရတဲ့ ထိုင်းလူ့အခွင့်အရေးလှုပ်ရှားသူ ၃ ဦးကို သြဂုတ် ၂၉ ရက်မှာ ထိုင်းတရားရုံးက တရားသေလွှတ်ပေးခဲ့တယ်လို့  Benar News သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းလူ့အခွင့်အရေးလှုပ်ရှားသူ ၃ ဦးဖြစ်တဲ့ အန်ခါနာ၊ ပူတန်နီနဲ့ သန်နာပွန်တို့ကို ၂၀၁၉ ခုနှစ်က Thammakaset  ထိုင်း ကုမ္ပဏီကအသရေဖျက်မှုနဲ့ တရားစွဲခဲ့တဲ့အတွက် တရားရင်ဆိုင်ခဲ့ရပေမယ့် ၄ နှစ်အကြာမှာ တရားရုံးကအပြစ်မရှိကြောင်း အမိန့်ချခဲ့ပါတယ်။

ထိုင်းလူ့အခွင့်လှုပ်ရှားသူတဦးဖြစ်တဲ့ပူတန်နီက "ဒီနေ့တရားရုံးက ဒီဆုံးဖြတ်ချက်ချတာကို ဝမ်းသာပါတယ်။ ဒါပေမဲ့ ရလဒ်ဘယ်လိုပဲဖြစ်ဖြစ် တရားစွဲဆိုခံရတဲ့ ၄ နှစ်အတွင်းဟာ ကျမတို့တယောက်ချင်းစီအတွက် အရမ်းကိုနာကျင်ရပါတယ်။ ဒီတရားရင်ဆိုင်နေရတာဟာ ကျမတို့ရဲ့အချိန်၊ အရင်းအမြစ်တွေနဲ့ စိတ်ဓာတ်တွေပါ အများကြီးဆုံးရှုံးနစ်နာခဲ့ရပါတယ်" လို့ပြောပါတယ်။

၂၀၁၆ ခုနှစ်က ဘန်ကောက်မြို့နဲ့မိုင် ၁၀၀ ခန့်ဝေးတဲ့ လော့ဘူရီခရိုင်ရှိ Thammakaset ကုမ္ပဏီပိုင် ကြက်မွေးမြူရေးခြံတခုမှာမြန်မာလုပ်သားတွေဟာ တနေ့လျှင် နာရီ ၂၀ ကျော် အလုပ်ခိုင်းစေခံရမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုခံနေရတာနဲ့ပတ်သက်ပြီး လူ့အခွင့်လှုပ်ရှားသူ ၃ ဦး အဖွဲ့ဟာ  မှတ်တမ်း ဗီဒီယိုရိုက်ကာ ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပြီး တရားမျှတမှုအတွက် တောင်းဆိုခဲ့ပါတယ်။

Thammakaset ကုမ္ပဏီကိုတော့ နာရီ ၂၀ ကျော်အလုပ်ခိုင်းစေမှု၊ အလုပ်သမားတွေရဲ့လစာထဲ က ငွေဖြတ်တောက်မှုနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအတွက် မြန်မာအလုပ်တွေကို ဘတ်ငွေ ၁ ဒသမ ၇ သန်းပေးဆောင်ဖို့ ထိုင်းတရားရုံးက ၂၀၁၉ ခုနှစ်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

Thammakaset ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်ကစပြီး ကုမ္ပဏီကိုမဟုတ်မမှန်တာတွေပြောဆိုခဲ့တယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေ၊ အလုပ်သမားတွေနဲ့ သတင်းထောက်တွေအပါအဝင် စုစုပေါင်း ၂၂ ဦးကို အမှု ၃၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ခုလက်ရှိအချိန်ထိ အမှု ၃၆ မှု ရှုံးနိမ့်ထားပါတယ်။

Source. Benar News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024