Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် အစိုးရအိမ်တော်အား နှုတ်ဆက် 
နန်းမြနဒီ
·
August 31, 2023

 

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၉ နှစ်တာ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယုဒ်ကျန်အိုးချားဟာ ဩဂုတ် ၃၁ ရက်ဒီနေ့မနက်  တာဝန်ဝတ္တရားကို နောက်ဆုံးနေ့အဖြစ် ထမ်းဆောင်ပြီး အစိုးရအိမ်တော်ကို နှုတ်ဆက်သွားပါတယ်။

မနက် ၉ နာရီ ၈ မိနစ်မှာ ထိုင်းရိုးရာဓလေ့ထုံးတမ်းအရ အစိုးရအိမ်တော်ဝင်းထဲရှိ နတ်စင်၊ နတ်ကွန်းတွေကို ပန်းဆီမီး၊ သစ်သီးတွေနဲ့ ဆက်ကပ်ပူဇော်ပသခဲ့ပါတယ်။ နတ်စင်မှာ တိုင်းပြည် အေးချမ်းသာယာဖို့နဲ့ ပြည်သူအားလုံး ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

သူ ဝန်ကြီးချုပ်ဖြစ်စဉ် အသုံးပြုခဲ့တဲ့ မော်တော်ကားနဲ့ ရုံးအသုံးအဆောင်ပစ္စည်းအားလုံးကို  ပြန်အပ်နှံပြီး  ကိုယ်ပိုင်ကားနဲ့ ပြန်ဖို့လည်း ပြင်ဆင်ထားပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးအသီးသီးကလည်း သူ့ကို ပန်းခြင်း၊ လက်ဆောင်တွေနဲ့  တဖွဲဖွဲ လာရောက် ဂါရဝပြု နှုတ်ဆက်နေကြပါတယ်။

မနေ့ကလည်း အစိုးရအိမ်တော် ဝန်ထမ်းအားလုံးက ဝန်ကြီးချုပ်နှုတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီနေ့ခင်းမှာတော့ သူ့ကို လာရောက်နှုတ်ဆက်သူတွေ၊ သတင်းထောက်တွေ၊ အိမ်တော်ဝန်ထမ်းတွေနဲ့အတူ နေ့လယ်စာ လက်ဆုံစားသုံးခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟာ  စစ်သားပီပီ စကားကို တိုတိုတုတ်တုတ်၊ ရှင်းရှင်းဘွင်းဘွင်း ပြောတတ်ပေမယ့်လည်း စိတ်ရင်းအလွန်ကောင်းပြီး တခါတခါ အရွှန်းဖောက်တတ်ကြောင်း၊ ၉ နှစ်တိုင် တိုင်းပြည်တာဝန်ကို မနားတမ်း ထမ်းရွက်ခဲ့တဲ့  နိုင်ငံ့သားကောင်းတစ်ဦးဖြစ်ကြောင်း၊ နိုင်ငံနဲ့လူမျိုး အကျိုးအတွက် အလုပ်တွေ အများကြီးလုပ်ခဲ့ပြီးပြီ၊  အခု အသက် ၇၀ ထဲမှာဆိုတော့ မိသားစုနဲ့ အေးအေးလူလူ ပြန်နေဖို့ အချိန်တိုင်ပြီလို့  အစိုးရအိမ်တော်ပြောရေးဆိုခွင့်ရှိသူ နိုင်းထနားကွဏ်း ဝမ်ဘွန်းခုန်းချနက သတင်းထောက်တွေကို ပြောပါတယ်။ 

ဝန်ကြီးချုပ်ကလည်း ဝန်ထမ်းတွေအနေနဲ့ ဆက်လက်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက်ရော အများအကျိုးအတွက်ပါ ကြိုးကြိုးစားစားဆောင်ရွက်သွားကြဖို့၊ တိုးတက်အောင်မြင်ကြပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်သစ် ခန့်အပ်ရေးမှာတော့  ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဝန်ကြီးချုပ်သစ် ဆေထာထဝီးဆင်ကို လေးစားသောအားဖြင့် သူကိုယ်တိုင် ရွေးချယ်ပါစေလို့ ပြောပါတယ်။

ဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားဟာ ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင် ဇာတိဖြစ်ပြီး ဖခင်က ဗိုလ်မှူးကြီးနဲ့ မိခင်က ကျောင်းဆရာမဖြစ်တာကြောင့် ဝန်ထမ်းအသိုင်းအဝိုင်းက မွေးဖွားလာသူ ဖြစ်ပါတယ်။

သူဟာ အထက်တန်းကျောင်းအောင်မြင်ပြီးနောက်  ဗိုလ်သင်တန်းတက်ရောက်ကာ အမှတ် ၂၁ ထိုင်းတော်ဝင်တပ်ဖွဲ့ တပ်ရင်းမှူးအဖြစ် လည်းကောင်း၊ ကြည်းတပ်ခြေလျင်တပ်ရင်း အမှတ် ( ၁ ) ဘန်ကောက်နယ်မြေ တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ကြည်းတပ်ဦးစီးချုပ် ၊စစ်သေနာဓိပတိချုပ် ၊  ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ ကျူလာလောင်ကွန်တက္ကသိုလ်မှ ကထိကဆရာမ နရားဖွန်းကျန်အိုးချားနဲ့ လက်ထပ်ခဲ့ပြီး အမြွှာသမီး ၂ ယောက် ထွန်းကားခဲ့ပါတယ်။

၂၀၁၃-၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ နိုင်ငံရးပဋိပက္ခဖြစ်ပြီး  ရှပ်နီနဲ့ ရှပ်ဝါကြား ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာကြောင့် စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်၊ အဲဒီနောက် ဗိုလ်ချုပ်ကြီး ပရာယုဒ် ကျန်အိုးချားဟာ အာဏာသိမ်းအစိုးရအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် အာဏာသိမ်းအစိုးရကနေ ဒီမိုကရေစီအစိုးရသို့ ကူးပြောင်းဖို့ ၂၀၁၄ ခုနှစ်မှာ ဖလန်းပချားရတ်ပါတီကို ထူထောင်ပြီး ၂၀၁၅ မှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ အဆိုပါရွေးကောက်ပွဲမှာ စစ်အာဏာရှင်အစိုးရလက်ထက် ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ ဦးရဲ့ တခဲနက်ထောက်ခံမှုနဲ့ အနိုင်ရပြီး အစိုးရဖြစ်ခဲ့ပါတယ်။

အနိုင်ရပါတီထဲက အစိုးရဝန်ကြီးအများစုဟာ စစ်တပ်ကဖြစ်ပြီး တိုင်းပြည် အုပ်ချုပ်ရာမှာ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ နုတ်ထွက်ဖို့ ဆန္ဒပြကန့်ကွက်မှုတွေ ခံခဲ့ရပါတယ်၊ ဒီနှစ် မေလက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာတော့ ရူမ်းထိုင်းဆန့်ချတ်ပါတီအဖြစ်နဲ့ ပါဝင်ယှဉ်ပြိုင်ပြီး အမတ်နေရာ ၃၆ နေရာသာ ရခဲ့ပါတယ်။

မဲအများဆုံးအနိုင်ရတဲ့ပါတီတွေက အစိုးရမဖွဲ့နိုင်သေးခင်မှာ ယာယီတာဝန်ထမ်းဆောင်နေပြီး သူကတော့ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ကြောင်း ဒီမတိုင်ခင် ကြေညာခဲ့ပါတယ်။  ဝန်ကြီးချုပ်အသစ်ဖြစ်တဲ့ ဖွေ့ထိုင်းပါတီမှ ခွန်ဆေထာ ထဝီးဆင်ဟာလည်း သူ့ကို တလေးတစား သွားရောက်နှုတ်ဆက်ပြီး အတွေ့အကြုံတွေ နားထောင်ခဲ့ပါတယ်။ 

Source- PPTV

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024