Home
နိုင်ငံတကာ
တောင်ကိုရီးယားပစ်မှတ် အသွင်တူလုပ်ပြီး မြောက်ကိုရီးယားက နျူးကလီးယားတိုက်ခိုက်မှုလုပ်
DVB
·
August 31, 2023

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံတဝန်းရှိ ပစ်မှတ်တွေကို အသွင်တူ “မြေလှန်” နျူးကလီးယားတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း သြဂုတ် ၃၁ ရက်မှာ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ အမေရိကန်ရဲ့ နျူးကလီယား တိုက်ခိုက်မှုအတွက် ကြိုတင်ကာကွယ်ထားတဲ့ အစီအစဉ်တွေ ပါဝင်တဲ့ မဟာမိတ် စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တာလို့ ဆိုပါတယ်။

ဒုံးကျည်တပ်ဖွဲ့ဟာ ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ပစ်ခတ်ခဲ့ပြီး သူ့ရဲ့ နျူးကလီးယား တိုက်ခိုက်မှုမစ်ရှင်ကို မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယား ပြည်သူ့တပ်မတော် (KPA) ရဲ့ အထွေထွေစစ်ဦးစီးချုပ်က KCNA သတင်းဌာန ထုတ်ပြန်ချက်တခုမှာ ပြောကြားခဲ့ပါတယ်။

“KPA ဟာ ဗုဒ္ဓဟူးနေ့ညက ROK ကိုရီးယားစစ်တပ်က လူဆိုးဂိုဏ်းတွေရဲ့ အဓိကကွပ်ကဲမှု စင်တာတွေနဲ့ စစ်ဆင်ရေးလေယာဉ်ကွင်းတွေကို အတုယူပြီး မြေလှန်တိုက်ခိုက်မှုတွေကို နည်းဗျူဟာမြောက် နျူးကလီးယားတိုက်ခိုက်မှု စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဗုဒ္ဓဟူးနေ့က ပင်လယ်ထဲကို တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး မဟာမိတ် လေကြောင်းလေ့ကျင့်မှုတွေအတွက် အမေရိကန်က B-1B ဗုံးကြဲလေယာဉ်တွေ တပ်ဖြန့်ပြီး နာရီပိုင်းအကြာမှာပဲ ပစ်လွှတ်ခဲ့တာလို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံးပစ်လွှတ်မှုဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု မပြီးဆုံးခင် ၁ ရက်အလိုမှာဖြစ်ပြီး အဲဒီစစ်ရေးလေ့ကျင့်မှုကိုလည်း ပြုံယမ်းက စစ်ပွဲအစမ်းလေ့ကျင့်မှုအဖြစ် ကာလရှည်ကြာ ရှုတ်ချခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့တဲ့ အူချီလွတ်လပ်ရေးဒိုင်း စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အကြီးအကျယ် လေ့ကျင့်နေတာဖြစ်ပါတယ်။

သြဂုတ် ၂၈ ရက်မှာစတဲ့ ငါးရက်ကြာ လေ့ကျင့်မှုအတွင်း မြောက်ဘက်နယ်စပ်နားက ပိုချွန်းနဲ့ ချိုဝမ်ဒေသတွေမှာ K1A2 တင့်ကားနဲ့ K9A1 မောင်းသူမဲ့ ဟောင်ဝစ်တွေ အပါအဝင် စစ်သား အင်အား ၁၆၀၀ လောက်နဲ့ စစ်လက်နက်ပစ္စည်း ၄၅၀လောက်ကို စုဆောင်းထားတယ်လို့ တောင် ကိုရီးယားစစ်တပ်က ပြောပါတယ်၊

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေအပေါ် ပူးတွဲတုံ့ပြန် တာတွေ မြှင့်တင်ဖို့ရည်ရွယ်ထားတဲ့ အူချီ Freedom Shield နွေရာသီ စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့က  ကြာသပတေးနေ့မှာ အပြီးသတ်ဖို့ စီစဉ်ထားတာပါ။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024