Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးနိုင်ငံတကာညီလာခံကနေ ကော်မတီ ၅ ရပ်ဖွဲ့စည်း 
DVB
·
August 31, 2023

နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကနေ ကော်မတီ ၅ ရပ်ဖွဲ့စည်းနိုင်ခဲ့ပြီး  တော်လှန်ရေး ဦးဆောင်အဖွဲ့တွေဆီကို အသေးစိတ်အကြံပြုတိုက်တွန်းချက်တွေ ပေးပို့သွားမယ်လို့ ကော်မတီ ပြောခွင့်ရှိသူတွေက ပြောပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကို ဒေသစံတော်ချိန် ဩဂုတ် ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ ကျင်းပခဲ့တာပါ။

ဒီညီလာခံကနေ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်နဲ့ တိုင်းရင်းသားအရေး၊ သံတမန်ရေး၊ ဘဏ္ဍာရေးစတဲ့ ကော်မတီ ၅ ရပ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မတီက ပြောပါတယ်။

မြေပြင်မှာဖြစ်ပေါ်နေတဲ့ပြဿနာတွေ၊ လုပ်ပိုင်ခွင့်အာဏာ စပ်ယှက်ရောထွေးနေတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး တော်လှန်ရေးဦးဆောင်အဖွဲ့တွေဆီကို အပြုသဘောဆောင်တဲ့အကြံပြုချက်တွေ ပေးပို့နိုင်ဖို့ ကော်မတီ ၅ ရပ်ဖွဲ့စည်းခဲ့တာလို့ ညီလာခံကျင်းပရေးကော်မတီမှ ဦးကိုကိုလေးက ပြောပါတယ်။

"အပိုင်း ၄ ခုကို အခြေခံပြီးတော့ ကော်မတီ ၅ ရပ်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အဲ့ဒီ ၅ ရပ်က နိုင်ငံရေး ကော်မတီ၊ စစ်ရေးကော်မတီ၊ သံတမန်ရေးရာ ကော်မတီ၊ ဖက်ဒရယ်နဲ့ တိုင်းရင်းသားရေးရာကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ နိုင်ငံရေးမှာ ၂ ခုခွဲလိုက်တယ်၊ နိုင်ငံရေး ကော်မတီနဲ့ သံတမန်ရေးရာကော်မတီဆိုပြီးခွဲလိုက်တယ်၊ အဲ့ဒီတော့ အပိုင်း ၄ ခုကို အခြေခံပြီးတော့ ကော်မတီ ၅ ရပ်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အဓိက က ညီလာခံမှာ တက်ရောက်လာသူအားလုံးပါဝင်မယ်၊ အွန်လိုင်းမှာရှိနေတဲ့သူတွေရော အားလုံး ပူးပေါင်းပါဝင်နိုင်ရမယ်၊ ပူးပေါင်းပါဝင်ခွင့်ရှိမယ်၊ အဲ့လိုဖွဲ့စည်းပြီးတော့မှ နောက်တလအတွင်းမှာ အဲ့ဒီကော်မတီ ၅ ရပ်က ပေးပို့လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ ထပ်ဖွဲ့ပြီးတော့ ကျနော်တို့အလုပ်လုပ်သွားမှာဖြစ်ပါတယ်။"

ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ  ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကိုယ်စားလှယ်တွေ၊ NLD ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ ပညာရှင်တွေ၊ မြေပြင် PDF အဖွဲ့တွေ၊ ပြည်ပရောက်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "နိုင်ငံခြားရောက်တဲ့မြန်မာပြည်သူလူထုတွေ အစုအဝေးတွေကနေပြီးတော့ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ထောက်ပံ့နေကြတာကို အသိအမှတ်ပြုတာ၊ ပြီးတော့ ကျနော်တို့တွေ အားလုံးတညီတညာတည်း ဝိုင်းဝန်းဆောင်ရွက်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မယ်လို့ ယုံကြည်လို့ အဲ့ဒါလည်းဆွေးနွေးကြတယ်။ နိုင်ငံတကာကို ရောက်နေတဲ့ အစုအဝေးတွေက ဆွေးနွေးတဲ့ညီလာခံတခုဖြစ်ပါတယ်။ ကျနော်တို့ရည်မှန်းချက်က အတူတူဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးအမြစ်ဖြုတ်နိုင်ဖို့၊ တိုင်းရင်းသားတွေ အားလုံးလိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်ကို ထူထောင်နိုင်ဖို့ ဘယ်လို လုပ်အမြန်ဆုံးရောက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးတိုင်ပင်နေ ကြတာဆိုတော့ အောင်မြင်ဖို့လည်းဆန္ဒပြုပါတယ်။ အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်" လို့ ပြောတယ်။

တော်လှန်ရေးဦးဆောင်အဖွဲ့တွေက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်တယ်လို့ အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဘယ်လိုပုံစံမျိုးနဲ့သွားမယ်၊ ဘယ်လိုဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းမယ်ဆိုတာက လက်ရှိအချိန်အထိ ညှိနှိုင်းနေရဆဲ အခြေအနေမှာပဲရှိနေတာပါ။

United States Chin Coalition (USCC) ရိုဇလင်းဇာဟောင်က"ရှုထောင့်အမျိုးမျိုးကနေ ဖက်ဒရယ်ကိစ္စကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ဆွေးနွေးကြတယ်ပေါ့နော်။ အဓိက အဲ့ဒီထဲမှာ ဆွေးနွေးဖြစ်တာ ဗမာပြည်နယ်ဖွဲ့စည်းရေးပေါ့။ ဒါလူတိုင်းစိတ်ဝင်စားတဲ့ကိစ္စလည်းဖြစ်တယ်၊ ဖက်ဒရယ် ဖွဲ့စည်းပုံနဲ့ပတ်သက်လာရင် အရမ်းကိုအဓိကကျတဲ့အချက်လည်းဖြစ်တယ်။ ရှုထောင့်မျိုးစုံကနေ ဆွေးနွေးကြတယ်။ အဓိကအားဖြင့်တော့ သမိုင်းကြောင်းမှာ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စကို အဖွဲ့စည်းအသီးသီး အစိုးရအသီးသီးက ဘယ်လိုပုံစံမျိုးနဲ့သူတို့စဉ်းစားဖြစ်ခဲ့လဲ အောင်မြင်ခဲ့လား ကိုင်တွယ်ဖြစ်ခဲ့လား ဘယ်လိုပုံစံမျိုးရှိခဲ့လဲ အဲ့ဒါမျိုးထပ်မဖြစ်လာအောင် ဒီနွေဦးတော်လှန်ရေးမှာရော ကျမတို့ ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတာတွေပေါ့နော်။ ဘယ်လိုမျိုးအကြံပြုချက်တွေဆိုတာကတော့ မထွက်သေးဘူးပေါ့နော်၊ ဒါပေမဲ့ ရှုထောင့်မျိုးစုံက ဆွေးနွေးထားတာ ဖြစ်ပါတယ်။"

ညီလာခံကို အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကနေဒါနဲ့ ဥရောပနိုင်ငံတွေကို ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံဟာ တတိယအင်အားစု တည်ဆောက်တာမျိုး မဟုတ်ဘဲ ပြည်သူ့အသံကို အနီးကပ်ဆုံး ချဉ်းကပ်နိုင်ဖို့ ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ ကျင်းပရေးကော်မတီဝင်တွေက ပြောပါတယ်။

ညီလာခံကနေဖြစ်ပေါ်လာတဲ့ အစုအဖွဲ့တွေ၊ ကော်မတီတွေဟာ တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတွေကို အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပေးမှုတွေသာ ပြုလုပ်ဖို့ စီစဉ်သူတွေက မူဝါဒချမှတ်ထားပြီး တော်လှန်ရေးအတွက် လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာကွန်ရက်ကြီးတခု ဖြစ်ပေါ်လာရေးကိုသာ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024