မလေးရှားနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲခံရပြီး ၄ နှစ်ကြာ ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို အပြစ်မရှိတဲ့အတွက် ကွာလာလမ်ပူတရားရုံးက သြဂုတ် ၂၉ မှာ တရားသေ လွှတ်ပေးခဲ့တယ်လို့ Free Malaysia Today သတင်းဌာနက ဖော်ပြပါတယ်။
မလေးရှာနိုင်ငံ၊ ဒန်ဝန်ဂီဒေသရှိ ကော်ဖီဆိုင်ဝန်ထမ်းကာဝမ် ဆိုသူကို ၂၀၁၉ နိုဝင်ဘာ ၁၉ ရက်မှာ သတ်ခဲ့တယ်လို့ စွပ်စွဲချက်နဲ့ အသက် ၃၀ မှ ၄၀ကြားရှိ မြန်မာနိုင်ငံသား ခိုင်ဇာမောင်၊ ခိုင်လင်းမောင်၊ ထွန်းဇံအောင်နဲ့ ပါအူဒီလီယမ်တို့ ဖမ်းဆီးထိန်းသိန်းခံခဲ့ရပြီး ၄ နှစ်အကြာမှ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
တရားသူကြီးဖြစ်သူ မာနီရမ်ဒီက “CCTVမှတ်တမ်းတွေအရ အခင်းမဖြစ်ပွားခင်မှာ မြန်မာနိုင်ငံသားတွေကို လုံခြုံရေးအစောင့်တဦးဖြစ်တဲ့ ရာဂျန်က နံပါတ်တုတ်နဲ့ ရိုက်ခဲ့ပါတယ်။ တရားလိုပြသက်သေ ရာဂျန်ကလည်း မြန်မာနိုင်ငံသား ၄ ဦးဟာ သတ်ခဲ့လားဆိုတဲ့ မေးခွန်းကို မဖြေနိုင်ဘူး။ နောက်ပြီး အခင်းဖြစ်ပွားတဲ့အချိန်က မြန်မာနိုင်ငံသားတွေက သေစေနိုင်တဲ့ လက်နက်မကိုင်ထားတဲ့အတွက် တရားသေ လွှတ်ပေးခဲ့တာပါ” လို့ ပြောပါတယ်။
ရာဂျန်ဟာ အခင်းဖြစ်ပွားချိန်မှာ သေစေနိုင်တဲ့လက်နက်ကိုင်ဆောင်ထားတဲ့ တဦးတည်းသောသူ ဖြစ်လို့ သူ့ကို ဆက်လက်စစ်ဆေးသွားမယ်လို့ တရားရုံးက ထုတ်ပြန်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source - Free Malaysia Today